ဗလင်စီယာ ကွင်းလယ်ကစားသမား ကွန်ဒေါ့ဘီယာကို အက်သလက်တီကိုအသင်း ခေါ်ယူ

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဗလင်စီယာ ကွင်းလယ်ကစားသမား ဂေါ့ဖရန်ကွန်ဒေါ့ဘီယာကို ယူရို ၁၀ သန်းနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ခေါ်ယူနိုင်ခဲ့ပါတယ်။  ကွန်ဒေါ့ဘီယာကို အသင်းကနေ ထွက်ခွာသွားတဲ့ သောမတ်စ်ပါတေး နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမားဟာ ဗလင်စီယာအသင်းကနေ ထွက်ခွာဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် အက်သလက်တီကိုအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ အက်သလက်တီကိုအသင်းဟာ သူတို့ရဲ့ကွင်းလယ်လူ သောမတ်စ်ပါတေးကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ ယူရိုသန်း ၅၀ နဲ့ ထွက်ခွာခွင့်ပေးလိုက်ရတာကြောင့် ကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ အထူးခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကွန်ဒေါ့ဘီယာကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် အသင်းရဲ့ဝက်ဘ်ဆိုဒ်မှာလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။ အက်သလက်တီကိုအသင်းဟာ ဘယ်အသင်းမဆို သူတို့ရဲ့ကစားသမားတစ်ဦးကို စာချုပ် ဖျက်သိမ်းကြေးနဲ့ ပြောင်းရွှေ့ခွင့်ပေးလိုက်ရရင် ဒီကစားသမား နေရာကို အစားထိုးဖို့အတွက် စပိန်နိုင်ငံတွင်းမှာ ဘယ်ကစားသမားကိုမဆို သီတင်းပတ် ၄ ခုအတွင်း ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ လာလီဂါ စည်းမျဉ်းကြောင့် အခုလိုမျိုး ကွန်ဒေါ့ဘီယာကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်ဒေါ့ဘီယာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာကတည်းက ဗလင်စီယာအသင်းကနေ ထွက်ခွာဖို့ သတင်းကြီးနေခဲ့သူ ဖြစ်ပါတယ်။  ဗလင်စီယာအသင်းဟာ အသင်းရဲ့အခြေအနေကို ထိန်းသိမ်းဖို့အတွက် အသင်းကြီး ကစားသမားတွေကို ရောင်းချဖို့ ကြိုးပမ်းခဲ့ပြီး ကွန်ဒေါ့ဘီယာကို စပါးအသင်း အပါအဝင် အသင်းတော်တော်များများက လိုချင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဗဟိုအာဖရိက လက်ရွေးစင်ကစားသမားဟာ ပါရီဂျို၊ ဖာဟန်တောရက်စ်၊ ရိုဒရီဂို တို့လို အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်ပြီး ဗလင်စီယာအသင်းမှာ ၃ နှစ်ကြာ ကစားခဲ့ပါတယ်။ ကွန်ဒေါ့ဘီယာဟာ ဗလင်စီယာအသင်းကို ၂၀၁၇ ခုနှစ်မှာ အင်တာမီလန်အသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ အမြဲတမ်းစာချုပ် ချုပ်ဆိုခဲ့ပါတယ်။  သူဟာ ဗလင်စီယာအသင်းအတွက် ၁၀၄ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး အသင်းဥက္ကဋ္ဌ မာသီဟာ ဗလင်စီယာအသင်းကို ဖျက်ဆီးနေတယ်လို့လည်း အခုလအစောပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up