မြန်မာရွေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ထိုင်းထီပထမဆု ၂ စောင်ပေါက်၊ ဘတ်ငွေ ၁၂ သန်းရရှိ
နန်းမြနဒီ
·
November 4, 2020

နိုဝင်ဘာ ၁ ရက်နေ့က ထွက်သွားတဲ့ ထိုင်းထီပေါက်စဉ် ပထမဆု ပေါက်ဂဏန်းမှာ မြန်မာနိုင်ငံကနေ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ အလုပ်လာလုပ်နေတဲ့ မြန်မာရွေ့ပြောင်း လုပ်သား ဇနီး မောင်နှံက ပထမဆု ၂ စောင်လုံး ပေါက်ပြီး ဆုကြေးငွေ ထိုင်းဘတ် ၁၂ သန်း ရရှိသွားပါတယ်။
အဆိုပါ ဇနီးမောင်နှံမှာ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေပြီး စက်ရုံရှေ့မှာလာရောင်းတဲ့ ထီ သည်ကနေ ၂ စောင်ဝယ်ထားရာက ၂ စောင်လုံး ပထမဆုပေါက်သွားတာလို့ ဆုငွေထုတ်ယူရေးမှာ လိုက်လံကူညီပေးနေတဲ့ အေအေစီ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ ထီပေါက်တဲ့အကြောင်း မနေ့က ကျနော်တို့အဖွဲ့ဆီ ဆက်သွယ်အကြောင်းကြား လာပါ တယ်ခင်ဗျ။ အဲဒါနဲ့ သွားကြိုလာပြီး လုံခြုံတဲ့တစ်နေရာမှာ ထားထားပါတယ်။ ပြီးတော့ သူတို့ဆုငွေ ကို စနစ်တကျနဲ့ထုတ်ပေးရမယ်လေ၊ မြန်မာပြည်သားသပ်သပ်သွားထုတ်မယ်ဆိုရင် ၁၂ သန်းကို လုံးကနဲ မပေးဘူး။ ၂ ရက် ၃ ရက်နေမှ ၁ သန်း ၂ သန်း အဲလိုမျိုးပေးတာကို၊ တစ်ရက်တည်း အပြီးရဖို့ ဆောင်ရွက်ပေးရမယ့်အပိုင်းတွေရှိတယ်။”
ထီပေါက်တဲ့ဇနီးမောင်နှံဟာ ကိုစိန်မြင့်နဲ့ မလွမ်းပို ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ် အောင်ချမ်းသာကျေးရွာကနေ ထိုင်းမှာ လာရောက် အလုပ်လာလုပ်နေတာ ၇ နှစ်လောက် ရှိပြီဖြစ်ပါတယ်။
ထီပေါက်သူ ကာယကံရှင်တွေနဲ့တော့ တိုက်ရိုက်မေးမြန်းလို့ မရသေးပေမဲ့ ကံထူးရှင် ဇနီးမောင်နှံဟာ အခုလိုထီပေါက်တဲ့အတွက် ထိုင်းမှာ ဆက်မနေတော့ဘဲ မြန်မာပြည်ပြန်ပြီး ဥယျာဉ်ခြံမြေဝယ်ကာ ကိုယ်ပိုင်လုပ်ကိုင်စားသောက်ဖို့ရှိနေသလို အလှူကြီးပေးဖို့ရှိတယ်လို့ လည်း အေအေစီအဖွဲ့ကို ပြောပါတယ်။
အေအေစီ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ထီပေါက်တဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေ ဆုငွေအဆင်ပြေစွာထုတ်ယူနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တာဟာ ပထမဆုရသူပေါင်း အယောက် ၂၀ ရှိသွားပြီ ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရန်ကုန်ကလာတဲ့ သင်္ဘောသားတစ်ယောက် ထိုင်းထီ ၂ စောင်တွဲ ဘတ် ၄ သိန်းဖိုးပေါက်လို့ ကူညီငွေထုတ်ပေး ခဲ့ရပါတယ်။
ဓာတ်ပုံ- အေအေစီ မြန်မာအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့