ပုသိမ်တွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
DVB
·
November 4, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ တော်ဝင်စားသောက်ဆိုင်မှာ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်း သတင်းအရ နိုဝင်ဘာလ ၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာ သက်သေခံပစ္စည်းတွေနဲ့အတူ လူ ၁၀ ဦးဖမ်းမိ ခဲ့ပြီး ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
“သတင်းရလို့ တိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ၊ အားလုံး တရားခံ ၁၀ ဦး ဖမ်းမိထားပါတယ်၊ ဥပဒေအတိုင်း အရေးယူသွားမှာပါ”လို့ ပြောပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်တန်ဆာနေအိမ်ကို ဝင်ရောက် ရှာဖွေချိန်မှာ ဆိုင်ပိုင်ရှင်နဲ့ အမျိုးသမီး ၆ ဦး၊ ဆိုင်မန်နေဂျာ အမျိုးသား ၁ ဦးနဲ့ ပြည်တန်ဆာအိမ်ကိုလာတဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၁၀ ဦးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ လာရောက်သူတွေကို ပုသိမ်မြို့မရဲစခန်းမှာ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့ အမှုဖွင့် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
ဒါ့ပြင် ပြည်တန်ဆာအိမ်ကို ရောက်ရှိနေသူထဲမှ ၁ ဦးရဲ့ဖုန်းထဲမှာ ၂ လုံးထီလောင်းကစား ပြုလုပ်ကြောင်း တွေ့ရှိရလို့ လောင်းကစားဥပဒေပုဒ်မ ၁၈/၁၉ တို့နဲ့ ထပ်မံအရေးထားတယ်လို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)