ဘိုကလေးမြို့၌ ကွာရန်တင်းဝင်နေသူ ၂ ဦး ဖဲဝိုင်းတွင် စကားများရန်ဖြစ်
DVB
·
November 4, 2020
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ကွာရန်တင်းဝင်နေသူ နှစ်ဦး ဖဲဝိုင်းမှာ စကားများရန်ဖြစ်ပြီး bluetooth စပီကာနဲ့ ထုတဲ့အတွက် တစ်ဦးခေါင်းကွဲသွားတယ်လို့ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီထံ က သိရပါတယ်။
ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက "ခေါင်းကွဲသွားတဲ့သူက နိုဝင်ဘာ ၄ ရက်နေ့မှာ ရက်ပြည့်ပြီ စပီကာနဲ့ ထုတဲ့သူကဝင်တာ ၄ ရက်ပဲရှိသေးတယ်။ အထုခံရတဲ့သူက ခေါင်းကို bluetooth စပီကာနဲ့ အထုခံရလို့ခေါင်းကွဲတယ် မျက်လုံးလည်း လက်သီးနဲ့ အထိုးခံရလို့ အနည်းငယ် နီသွားတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရဲ က ဒဏ်ရာရတဲ့သူကိုမေးတယ်။ ကျေအေးပါတယ်ဆိုတာနဲ့ အမှုမဖွင့်ဘူး။" လို့ ပြောပါတယ်။
ဘိုကလေးမှာ ကွာရန်တင်းဝင်နေသူလူဦးရေ ၁၀၀ ရှိပြီး Positive လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကိုတော့ ဘိုကလေးပညာရေးကောလိပ်မှာ ထားရှိတာပါ။
အခုအခါ ဘိုကလေးမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးရှိကာ ဘိုကလေးကုတင် ၁၀၀ ဆေးရုံမှာ ကုသပေးနေတယ်လို့ မြို့နယ်ကျန်းမာရေး အထောက်အကူပြုကော်မတီ ထံက သိရပါတယ်။
အခုလိုဖြစ်ပွားခဲ့တဲ့ ဘိုကလေးမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်စင်တာမှာ အောက်တိုဘာ ၁၂ရက်နေ့ကလည်း စည်းကမ်းဖောက်ဖျက်ပြီး ကော်မတီ အပေါ် မဟုတ်မမှန်ပြောဆို Live လွှင့်ခဲ့သူ နှစ်ဦးကို ဘိုကလေးမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ ဘိုကလေးမြို့မရဲစခန်းမှာ တိုင်ကြားထားပါတယ်။
သတင်း - ထူးထူး (ဗိုလ်ကလေး)၊
ဓာတ်ပုံ - ကျန်းမာရေးထောက်ပြုကော်မတီ