A d v e r t i s e m e n t With Us

ဘရာဇီးမြောက်ပိုင်းတွင် စစ်သည် ၄,၀၀၀ ကျော် တပ်ချ

ဘရာဇီးနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းမှာ ကင်းလှည့်ဖို့ အစိုးရက စစ်သည် ၄,၀၀၀ ကျော်ကို တပ်ချလိုက်ပါတယ်။ ဝေးလံသီခေါင်တဲ့ အမေဇုံ မိုးသစ်တောဒေသထဲမှာ ရွှေ၊ လက်နက်၊ မူးယစ်ဆေးတွေကို ကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့် ပြင်သစ်ကိုလိုနီ ဂွေအာနာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ တောနက်ထဲမှာ ကင်းလှည့်ဖို့ အခုလို တာဝန်ချတာပါ။ ဘရာဇီးမြောက်ပိုင်း အမေဇုံ မိုးသစ်တော ပြည်နယ်တွေဖြစ်တဲ့ ပါရာနဲ့ အာမာပါ ပြည်နယ်တွေထဲမှာ ၂ ရက်ကြာ ကင်းလှည့်ချိန်အတွင်း ကားတွေ၊ လှေတွေနဲ့ ကမ်းတက်ယာဉ်တွေကို သုံးပြီး ကမ်းရိုးတန်းမြစ်တွေတလျှောက် ကင်းလှည့်ခဲ့တယ်လို့ စစ်သည်တွေနဲ့အတူ လိုက်ပါသွားတဲ့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အာဂါတာနော်တေလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးအတွင်း ရဲတွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အာဏာပိုင်တွေနဲ့ တခြား အစိုးရအဖွဲ့အစည်းတွေလည်း ပါဝင်ဆောင်ရွက်ပါတယ်။ အောက်တိုဘာ ၂၂ ရက်ကစပြီး နိုဝင်ဘာထိ ဆက်လက်ဆင်နွှဲနေဆဲ စစ်ဆင်ရေးအတွင်း မဂ္ဂနိစ်သတ္တု တန်ချိန် ၁၄၆,၀၀၀၊ ရွှေ ၈၆ ဂရမ်၊ စာရွက်စာတမ်းမဲ့ ပရိဘောဂ အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပြီး ဆေးခြောက်ပင် ၃,၀၀၀ ကို ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ လက်ယာယိမ်း သမ္မတ ဘော့စိုနာရို လက်ထက် ၂၀၁၉ ကနေ ခုချိန်ကြား တရားမဝင် သတ္တုတူးတာ၊ သစ်ထုတ်တာတွေကြောင့် ဘရာဇီးရဲ့ အမေဇုံ မိုးသစ်တောအတွင်း အပျက်အစီး များပြီး တခြား ရာဇဝတ်မှုတွေ ပိုတိုးလာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up