ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ
DVB
·
November 3, 2020
ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက် ည ၉ နာရီခွဲလောက်က ကန်ကထနပူရီခရိုင် ဆန်ခလပူရီမြို့နယ် ခေါင်လဲမ်အမျိုးသားသစ်တောဥယာဉ်ဝန်ထမ်းနဲ့တာဝန်ရှိသူတွေဟာ နယ်မြေစောင့်ကြပ်စစ်ဆေးစဉ် မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ကလေးငယ် ၅ ဦး စုစုပေါင်း ၉ ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
သူတို့တတွေဟာ ဆန်ခလပူရီမြို့နယ် ဝမ်ကကျေးရွာက လှေဆိပ်တစ်ခုမှာ လာကြိုမယ့်လှေကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ၊ သူတို့ဟာ ဝမ်ကရွာကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်း ဆမွတ်ဆာခွန်းခရိုင်မှာ အလုပ်သွားလုပ်မှာဖြစ်ပြီး အသက် ၄၅ နှစ်ရွယ်ရှိ ဌေးနိုင်ဆိုသူ မြန်မာ ၁ ဦးက လှေနဲ့လာကြိုမယ်ဆိုလို့ စောင့်ဆိုင်းနေတာလို့ ဆိုပါတယ် ။
သူတို့အားလုံး ဘာသက်သေအထောက်အထားမှမရှိတဲ့အတွက် ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုနဲ့ရော ကိုဗစ်-၁၉ ကာလ ခရီးသွားလာခွင့်ကန့်သတ်ထားတဲ့ ခရိုင်ဝန်အမိန့်ကို ချိုးဖော က်မှုနဲ့ပါ အရေးယူခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူကပြောသွားပါတယ်။
ဒါ့အပြင် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁ ဦးကို နိုဝင်ဘာ ၂ ရက်နေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ် ။
အသက် ၂၀ နှစ်ရွယ်ရှိ မောင်မောင်ဆိုသူဟာ မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကနေတဆင့် မဲဆောက်မြို့နယ် မဟာဝမ်းအုပ်စု မိုင်မဲ့ကွန်းကင်းကျေးရွာ ဆိပ်ကမ်းပေါ်တက် လာတာဖြစ်ပြီး လုံခြုံ ရေး တပ်ဖွဲ့တွေက တွေ့လို့ စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ် ။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများ ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မှုမြင့်မားနေတာကြောင့် ထိုင်းဘက်က နယ်စပ်ဝင်ထွက်သွားလာမှု ပိတ်ထားပေမယ့် အခုလိုတရားမဝင် ဝင်ရောက်မှုတွေ နေ့စဉ်လို ရှိနေဆဲဖြစ်ပါတယ်။
ကိုးကား- facebook.com/SONG1970/