ကဘူးလ်တက္ကသိုလ်နယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးထက်မနည်းဒဏ်ရာရ

366
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က ကဘူးလ်တက္ကသိုလ် ပရဝဏ်နယ်မြေထဲမှာ သေနတ်သမားတွေနဲ့ အာဖဂန် လုံခြုံရေးတပ်တွေ နိုဝင်ဘာ ၂ ရက်က အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် လူ ၆ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ အာဖဂန် အစိုးရအရာရှိတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ တာလီဘန် တိုက်ခိုက်ရေးသမားတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အချက်ကို တာလီဘန်တွေက ငြင်းပါတယ်။
ဒါကြောင့် တိုက်ခိုက်သူတွေ ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သေနတ်သံတွေ ကြားနေရဆဲလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
ကျောင်းသားတယောက်နဲ့ ပါမောက္ခတယောက် အပါအဝင် လူ ၆ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
သားကို လာရှာဖို့ တက္ကသိုလ်ထဲ အမြန်ဝင်လာတဲ့ ဖခင်တယောက်လည်း တက္ကသိုလ်ဝင်းထဲမှာ ရှိနေဆဲလို့ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန် ညှိနှိုင်းဆွေးနွေးသူတွေ ကာတာနိုင်ငံထဲမှာ အစည်းအဝေး ကျင်းပနေပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ကြိုးစားနေချိန်မှာ နိုင်ငံတွင်းမှာတော့ အကြမ်းဖက်မှု ထူပြောနေပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီချက်ရရင် အမေရိကန်တပ်တွေ အမိမြေ ပြန်နိုင်မှာဖြစ်ပြီး အကြာဆုံး စစ်ပွဲလည်း အဆုံးသတ်နိုင်လိမ့်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။