နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ကားဝင်တိုက်၊ ၂ ဦး သေဆုံး
DVB
·
November 3, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်အုပ်စု ခြေမြစ်ပင်ရွာရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို နောင်ချိုဘက်မှ မန္တလေးဘက်သို မောင်းလာတဲ့ တွဲကားယာဉ်တစ်စီးက နိုဝင်ဘာ ၂ ည ၇ နာရီလောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့လို့ ၂ ဦး သေဆုံးသွားပါတယ်။
စစ်ဆေးဂိတ်မှာ အမည်မသိလူတယောက် နေရာမှာ သေဆုံးပြီး၊ ယာဉ်ထိန်းရဲအရာခံတဦးကတော့ ပြင်ဦးလွင်ဆေးရုံသို့ပို့ဆောင်ရာမှာ သေဆုံးသွားတယ်လို့ စစ်ဆေးရေးဂိတ်တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။
“တိုက်တဲ့ကားဆရာဟာ သူ့ကို ကျော်တက်သွားတဲ့ကားကို ပြန်လိုက်တိုက်တာပါ။ လမ်းလယ်က မိုးကာတဲနဲ့ စစ်ဆေးရေးဂိတ်ကော သွပ်ဆူးကြိုးနဲ့ ဘယ်ရီဂိတ်ပါ တိုက်သွားပါတယ်။ အဲဒီနားရောက်နေတဲ့ အံစာတုံးကားဆရာရော ယာဉ်ထိန်းတဦးရော ဆုံးသွားပါပြီ။”
ယာဉ်မောင်း တရားခံ ကိုမြင့်သိန်း (ဘ)ဦးစံဖေ နမ့်ဆမ် နေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူထားတယ်လို့သိရပါတယ်။
သတင်း - နန်းစပယ်၊ ဓာတ်ပုံ - Myo Thant Aung,Thi Gyar Minn