လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး မဲဆွယ်စည်းရုံးမှုများ ရှိဟု PACE အဖွဲ့ပြော

မဲဆွယ်စည်းရုံးတာတွေမှာ လူမျိုးရေး၊ ဘာသာရေး အခြေခံစည်းရုံးတာ၊ နိုင်ငံပိုင်ယာဉ်၊ အမှတ်တံဆိပ်တွေသုံးတာနဲ့ တပ်မတော်ပိုင်ယာဉ် အမှတ်တံဆိပ်သုံးတာတွေ ရှိတယ်လို့ စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့က ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ရွေးကောက်ပွဲအကြိုကာလ ကနဦးအစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။ စုဝေးဟောပြောမှုပေါင်း ၇၁၉ ခုကို လေ့လာရာမှာ လူမျိုးရေးကို အခြေခံပြီး မဲပေးဖို့၊ မဲမပေးဖို့ ဟောပြောတာတွေဟာ ပြည်နယ်တွေမှာ ၃၆ ခု၊ တိုင်းတွေမှာ ၃၉ ခုရှိခဲ့ပြီး ဘာသာရေးကို အခြေခံပြီး မဲပေးဖို့၊ မဲမပေးဖို့ ဟောပြောတာတွေကတော့ ပြည်နယ်တွေမှာ ၂ ခု၊ တိုင်းတွေမှာ အခု ၃၀ ရှိခဲ့ပါတယ်။ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က “လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ဟောပြောတာတွေကို ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မကွေး၊ ပဲခူး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တွေ့ရပါတယ်။ အစိုးရပိုင် ပစ္စည်းတွေသုံးတာကိုတော့ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တွေ့ရပါတယ်” လို့ ပြောပါတယ်။ နိုင်ငံပိုင် ယာဉ်၊ အမှတ်တံဆိပ်တွေသုံးတာနဲ့ တခြားအရင်းအမြစ်တွေသုံးပြီး မဲဆွယ်စည်းရုံးတာဟာ တိုင်းတွေမှာပဲ ၅ ကြိမ် ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဘယ်ပါတီကလုပ်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို လတ်တလောမှာ မပြောသေးဘဲ အစီရင်ခံစာ ထပ်ထုတ်ပြန်မယ်လို့လည်း ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ တပ်မတော်ပိုင်ယာဉ်၊ အမှတ်တံဆိပ်နဲ့ တခြားရင်းမြစ်တွေသုံးတာကတော့ တိုင်းမှာပဲ ၂ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မဲဆွယ်စည်းရုံးကြရာမှာ အစိုးရ စီမံကိန်းလုပ်ငန်းတွေနဲ့ပတ်သက်ဟောပြောခဲ့တာကတော့ တိုင်းနဲ့ ပြည်နယ်တွေမှာ ၉၄ ခုရှိခဲ့ပါတယ်။ ဟောပြောကြရာမှာ ထူးခြားတာကတော့ ဒေသအာဏာပိုင်တွေ တက်ရောက် ဟောပြောတာ ၂ ကြိမ် ရှိခဲ့ပြီး ဘာသာရေးခေါင်းဆောင် ဟောပြောတာ ၁ ကြိမ်ရှိခဲ့ပါတယ်။ အများစုကတော့ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင် ဟောပြောတာဖြစ်ပြီး ပါတီခေါင်းဆောင်တွေ ဟောပြောတာက ၁၈၈ ကြိမ် ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအကြိုမဲဆွယ်စည်းရုံးရေးကို ပြည်ခိုင်ဖြိုးပါတီက ၅၆၇ ခုနဲ့ အများဆုံးလုပ်ထားပြီး အန်အယ်လ်ဒီက ၅၄၃ ခုနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ကာကွယ်ရေးသတ်မှတ်ချက်တွေကြောင့် အများစုက ကိုယ်ပိုင်နေရာတွေမှာပဲ ဟောပြောခဲ့ကြပြီး မော်တော်ယာဉ်တွေနဲ့ လှည့်လည်ဟောပြောခဲ့တာလည်း အများစု ဖြစ်ပါတယ်။ ပြီးတော့ ဘာသာရေးနဲ့ဆိုင်တဲ့နေရာ၊ အစိုးရကျောင်း၊ အဆောက်အအုံနဲ့ ဒေသအာဏာပိုင်တွေရဲ့ အိမ်မှာ ဟောပြောတာလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဟောပြောတာအများစုကတော့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေကို လိုက်နာခဲ့ကြပြီး ကျန်းမာရေးအတွက် နှာခေါင်းစည်းလို ပစ္စည်းတွေပေးခဲ့ကြသလို ငွေနဲ့ အသေးစားလက်ဆောင်တွေ ပေးတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။ PACE ရဲ့ စောင့်ကြည့်လေ့လာသူတွေကို မြို့နယ်ပေါင်း ၃၁၉ ခုမှာ တာဝန်ချထားပေမယ့် ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သတင်းပေးပို့ချက် ၃၀၇ ခုပဲ ရခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီအစီရင်ခံစာအတွက် ပါတီပေါင်း ၇၇ ခုက ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့တယ်လို့လည်း PACE က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up