Home
မြန်မာသတင်း
ကျောက်ဖြူတွင် ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး၊ ဒေသခံထောင်ချီ ဝန်းရံ
DVB
·
November 2, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ နိုဝင်ဘာ ၁ ရက်နေ့က ရခိုင်အမျိုးသားပါတီဗဟိုအောင်နိုင်ရေးကော်မတီက ဇက်ရေယာဉ်တွေနဲ့ လာရောက် မဲဆွယ်စည်းရုံးခဲ့ပြီး ဒေသခံထောင်ချီ ဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုံးဝမကျင်းပတာဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုသွားမဲ့လမ်းကြောင်းကို ရိုက်ချိုးဖျက်ဆီးခံရတာလို့  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။ “အခု ဒီရွေးကောက်ပွဲမြို့နယ် ၉ ခုမလုပ်ဘူးဆိုတာ ရခိုင်ပြည်နိုင်ငံရေး၊ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးနဲ့ ရခိုင်အမျိုးသားပါတီရဲ့ နိုင်ငံရေးကို ဖြိုခွဲဖျက်ဆီးတယ်လို့ အဲဒီလိုသုံးသပ်မိတယ်။ ပြီးရင် အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဒီစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ဥစ္စာကို အဲရွေးကောက်ပွဲ မလုပ်ဘူးဆိုပြီး မြို့နယ်အများစုကို လုပ်လိုက်တဲ့အတွက်ကြောင့် ဒီစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်လမ်းကြောင်းကိုတောင် ရိုက်ချိုးဖျက်ဆီးလိုက်တယ်လို့ မြင်တယ်။ အဲဒါကြောင့် ဒီအချိန်မှာ ရခိုင်လူမျိုးတွေ နိုင်ငံရေးသတိရှိဖို့ အရေးကြီးတယ်၊ ညီညီညွတ်ညွတ်နဲ့ ခရီးဆက်ဖို့ အရေးကြီးတယ်၊ အဲဒါကြောင့် အဓိက ရခိုင်လူမျိုးတွေ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ အမျိုးသားနိုင်ငံရေး ခရီးကို ဆက်ပြီးသွားဖို့အတွက် ရခိုင်အမျိုးသားပါတီ ကျန်တဲ့မြို့နယ်တွေမှာ အနိုင်ရရှိရေးအတွက် ဒီလို ခရီးထွက်လာရတာ” လို့ ပြောပါတယ်။ လာရောက်ဝန်းရံသူတဦးဖြစ်တဲ့  မဆန်းဆန်းက  “ကျမတို့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက အခု ၉ မြို့နယ်က မဲမပေးရဘူးဆိုတော့ ကျန်တဲ့တောင်ပိုင်းမြို့နယ်တွေက ရခိုင်အမျိုးသားပါတီကို ဝိုင်းရံဖို့အတွက်ကို တာဝန်တရပ်လိုမျိုးဖြစ်လာပါတယ်။ ပြောမယ်ဆိုရင် ကျမတို့ အမျိုးသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့် ဆုံးရှုံးသွားတဲ့အတွက် ကျန်တဲ့မြို့နယ်တွေကကျတော့ ရခိုင်ပါတီတွေကိုပဲ မဲထည့်စေချင်တယ်၊ ဝိုင်းရံစေချင်ပါတယ်” လို့ ပြောပါတယ်။ ကျောက်ဖြူမြို့နယ်ဒေသခံ ကိုစိုးမိုးအောင်က “အဓိက ဝန်းရံရတာက အခုဆိုရင် ကျနော်တို့ ရွာဘက်အုပ်စုတွေမှာဆိုရင် မဲမပေးရဘူး၊ ၂၀၁၅ တုန်းကဆိုရင်လည်း ကျနော်တို့က အသက်မပြည့်သေးလို့ မဲမပေးလိုက်ရဘူး။ အခု ၂၀၂၀ မှာ အသက်ပြည့်ပေမဲ့လည်း မဲပေးခွင့်မရဘူး ကျနော်တို့ဒေသက။ ကျနော်တို့ လူငယ်တွေ ဘယ်လောက်ထိ စည်းရုံးမှုရှိတယ်၊ ရခိုင်အမျိုးသားပါတီကို ဘယ်လောက်ထိ ထောက်ခံမှုရှိတယ်ဆိုတာကို ပြချင်လို့လာတာပါ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ် ၉ မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီဗဟိုအောင်နိုင်ရေးအဖွဲ့ရဲ့ ဇက်ရေယာဉ်ကို ကျောက်ဖြူမြို့နယ် ရခိုင်င်အမျိုးသားပါတီက ဦးဆောင်ကာ လူထောင်ချီ လာရောက်ဝန်းရံကြိုဆိုခဲ့ကြသလို ဇက်ရေယာဉ်ပေါ်ကနေ ရခိုင်အဆိုတော်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024