ဘရက်ဒ်လီမန်နင်း အပြင်းထန်ဆုံးပြစ်မှု မကျူးလွန်ခဲ့ဟု စစ်ဥပဒေအရာရှိပြော

အမေရိကန်စစ်သား ဘရက်ဒ်လီမန်နင်းဟာ လျှို့ဝှက်အကြောင်းအရာတွေကို ဖွင့်ချတဲ့ ၀ီကီလီက်စ် ၀က်ဘ်ဆိုဒ်ကို စာရွက်စာတမ်းတွေ လွှဲပြောင်းပေးခဲ့တဲ့အတွက် ရာဇ၀တ်ပြစ်မှု အများဆုံး ကျူးလွန်ထားပေမယ့်လည်း သူရင်ဆိုင်ရတဲ့ အပြင်းထန်ဆုံး ပြစ်မှုဖြစ်တဲ့ ရန်သူကို အားပေးကူညီမှုတော့ မကျုးလွန်ခဲ့ကြောင်း တွေ့ရှိထားတယ်လို့ စစ်ဥပဒေအရာရှိ ဗိုလ်မှူးကြီး ဒီနိုက်စ်လင်းက ဇူလိုင် ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မန်နင်းဟာ နိုင်ငံရဲ့သမိုင်းမှာ သတင်းအချက်အလက်တွေ အကြီးမားဆုံးပေါက်ကြားမှုမှာ တခြားရာဇ၀တ်ပြစ်မှု ၂၀ ကိုလည်း ကျူးလွန်ခဲ့တယ်လို့ ဗိုလ်မှူးကြီးလင်းန်ဒ်က တွေ့ရှိထားတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေက တိုက်ပွဲအစီရင်ခံစာတွေ အပါအ၀င် နိုင်ငံတော်လုံခြုံရေး အဆိုးရွားဆုံးပေါက်ကြားမှုလို့ သုံးသပ်ထားတဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ဖို့ တွန်းအားပေးနေတာလည်း ဖြစ်ပါတယ်။ ၀ီကီလိက်စ် ၀က်ဘ်ဆိုဒ်ကနေ အမေရိကန် အပါချီ လက်နက်တပ်ဆင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှု ဗွီဒီယိုကလစ်တွေ၊ သံတမန်ကြေးနန်းတွေနဲ့ ဂွာတာနာမိုအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက် အသေးစိတ်အကြောင်းအရာတွေကို ဖွင့်ချလိုက်ကတည်းက အမေရိကန်ရဲ့လုံခြုံရေးကို ထိခိုက်နေပြီးဖြစ်တယ်လို့ မီဒယ်ခံတပ် စစ်ခုံရုံးမှာ စစ်တပ်ရှေ့နေတွေက ဝေဖန်နေကြပါတယ်။ မန်နင်းဟာ ၂၀၀၉ - ၂၀၁၀ ခုနှစ်တုန်းက အီရတ်နိုင်ငံမှာ အငယ်တန်း သတင်းထောက် လှမ်းရေးသမားအဆင့်သာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up