ပုသိမ်မြို့ တိုင်းအစိုးရရုံးဘေး မြောင်းဖုံးခိုးယူသူများကို ဖမ်းမိ
DVB
·
November 2, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ နိုဝင်ဘာလ ၂ ရက်နေ့က တိုင်းအစိုးရရုံးဘေးက မြောင်းဖုံးခိုးယူသူများကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်စည်ပင်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြောင်းဖုံး ၂၆ ခု ခိုးယူခံရပြီးနောက်ပိုင်း သွားလာရင်း သတိထားကြည့်မိရာကနေ မြောင်းဖုံးခိုးယူနေတာတွေ့ရှိပြီး ဖမ်းမိခဲ့တာလို့ ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က DVB ကို ပြောပါတယ်။
“ပလက်ဖောင်းပေါ်က မြောင်းသံဖုံးကို လူ ၂ ယောက် မနေတာ တွေ့တယ်၊ အစိုးရအဖွဲ့ရုံးရှေ့ ကျော်သွားပြီး ရပ်လိုက်တော့ ဆိုက်ကားနဲ့ တစ်ယောက်က တော်တော်ဝေးသွားပြီ။ အဲဒီဆိုက်ကားကိုလိုက်ရင်း ဖမ်းမိတာ” လို့ ပြောပါတယ်။
မြောင်းသံဖုန်းတင်ပြီး သွားတဲ့ ဆိုက်ကားကို လိုက်လံတားဆီးပြီး မေးချိန်မှာ စည်ပင်က သယ်ခိုင်းတယ်ပြောပြီး လုပ်ခိုင်းသူာမည်မပြောနိုင်လို့ အစိုးရအဖွဲ့ရုံးက ရဲကိုခေါ်ခိုင်းပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ ဧရာဝတီတိုင်းရဲ့တိုင်းရုံအခြေစိုက်ရာမြို့ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က တိုင်းအဆင့် ဌာနဆိုင်ရာလူကြီးတွေ နေထိုင်တဲ့ ပတ်ဝန်းကျင်က လျှောက်လမ်းမြောင်းဖုံး ၂၆ ဖုံး ၁၃ သိန်းကျော် ခိုးယူခံခဲ့ရတာပါ။
ပုသိမ်မြို့မှာ ၂၀၁၉ ခုနှစ်က စည်ပင်သာယာရေးကော်မတီပိုင် မြောင်းဖုံးတွေ ခုလို ခိုးယူခံခဲ့ရပြီး တရားခံကို အခုချိန်ထိ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။
သတင်း - မင်းထက်မုန်း(ပုသိမ်)