A d v e r t i s e m e n t With Us

ဂါရတ်ဘေးလ်၏ ပထမဆုံးသွင်းဂိုးဖြင့် အဆင့် ၂ ကို ရောက်ရှိလာသည့် စပါးအသင်း

တိုက်စစ်မှူး ဂါရတ်ဘေးလ်ရဲ့ ပထမဆုံးသွင်းဂိုးနဲ့အတူ စပါးအသင်းဟာ ဘရိုက်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာတင် ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ဘရိုက်တန်အတွက် လမ့်တေးက အငြင်းပွားဖွယ် အနေအထားကနေတဆင့် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးအတွက် ကစားကွက် တည်ဆောက်မှုမှာ သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုးရရှိဖို့အတွက် မော်ရင်ဟိုက ပွဲချိန် ၇၀ မိနစ်မှာ ဘေးလ်ကို ထည့်သွင်းခဲ့ပြီး ဝေလကစားသမားက ကွင်းထဲဝင်ပြီး ၃ မိနစ်မှာတင် ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပါတယ်။  ဒါဟာ ဘေးလ်အတွက် ၂၀၁၃ ခုနှစ် မေလနောက်ပိုင်း စပါးအသင်းအတွက် ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းအတွက်သာ အာရုံစိုက်ထားတယ်လို့ ဘေးလ်က ပြောပါတယ်။  “ဒါဟာ အရမ်းကောင်းတဲ့ခံစားချက်ပါ။ ခင်ဗျား ကွင်းထဲဝင်ခွင့်ရရှိခဲ့ပြီး အသင်းအတွက် တာဝန်ကျေခဲ့ပါတယ်။ ကျနော် အသင်းအတွက် ကြိုးစားခဲ့ပြီး ကံကောင်းစွာနဲ့ ဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။  ဒါဟာ ရယ်ဂွီလွန်ရဲ့ ကောင်းမွန်တဲ့ ကြိုးစားမှုဖြစ်ပြီး ကျနော်ဟာည်း အချိန်ကိုက်၊ နေရာကိုက်မှာ ရှိနေခဲ့ပါတယ်။ လူတိုင်းက တဦးချင်းစီအကြောင်းကို အမြဲတမ်း ပြောကြပေမယ့် ကျနော် ပြောခဲ့သလိုပါပဲ။ ကျနော်က အသင်းအဖွဲ့ကစားသမားပါ။ ကျနော့်အတွက် ကွင်းထဲဝင်ပြီး ခံစစ်ကစားရမယ်ဆိုရင်တောင် ဒါဟာ အဆင်ပြေပါတယ်။ တကယ့်အရေးကြီးဆုံး အရာက စုပေါင်းဆောင်ရွက်ကြဖို့ပါ။ ကျနော်တို့အသင်းဟာ တပွဲထက်တပွဲပိုပြီး တိုးတက်လာပါတယ်။ ကျနော်တို့အမှားတွေ ကျူးလွန်မိခဲ့တယ်ဆိုရင်တောင် ဒီအမှားတွေကနေ သင်ခန်းစာယူပြီး ကောင်းတဲ့ဘက်မှာ အသုံးချနိုင်ခဲ့ပါတယ်။ ကျနော် ဘောလုံးကစားခြင်းနဲ့ ဝေးကွာနေတာကြာခဲ့ပါပြီ။ ကျနော့်မှာ ဒူးပြဿနာ အနည်းငယ်ရှိနေတာကြောင့် အနားယူနေခဲ့ရတာပါ။ ကျနော် လေ့ကျင့်ရေးမှာလည်း အကောင်းဆုံးကြိုးစားနေပါတယ်” လို့ ဘေးလ်က ပြောပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် စပါးအသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာ၊ ထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာ အနေအထားကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်လက်အာရုံစိုက်သွားမယ်ဆိုရင် စပါးအသင်းဟာ အကောင်းဆုံးပုံစံနဲ့ ရာသီပိတ်သိမ်းနိုင်မယ်လို့ ဂါရတ်ဘေးလ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up