A d v e r t i s e m e n t With Us

ဂိုးပေါက်ပျောက်မှု အဆုံးသတ်နိုင်ခဲ့သည် အူဘာမီယန်းအတွက် အာတီတာ ဝမ်းမြောက်

ယူနိုက်တက်အသင်းနဲ့ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းအတွက် ဝမ်းသာမိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ အူဘာမီယန်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သူဖြစ်ပြီး ဒီပွဲမှာ ဘယ်လာရင်ကို ပေါ့ဘာ ပြစ်ဒဏ်ကျူးလွန်လို့ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ၆၉ မိနစ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ အူဘာမီယန်းရဲ့ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်စေခဲ့ရုံတင်မဟုတ်ဘဲ ဂါဘွန် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အိုးထရက်ဖို့ဒ်မှာ ပထမဆုံး ပင်နယ်တီ ကန်သွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။  မန်ယူနိုက်တက်အသင်းနဲ့မတိုင်ခင် ကစားခဲ့တဲ့ မန်စီတီး၊ လက်စတာတို့နဲ့ပွဲစဉ်တွေမှာ ရဂိုး ၁ ဂိုးမှမရှိဘဲ ရှုံးနိမ့်ခဲ့တာကြောင့် အာတီတာဟာ အူဘာမီယန်း ဂိုးပြန်သွင်းတဲ့အပေါ်မှာ ဝမ်းသာနေပါတယ်။  “သူ ဂိုးသွင်းနိုင်ခဲ့အတွက် ကျနော် ဝမ်းသာပါတယ်။ တိုက်စစ်မှူးတိုင်းဟာ ဂိုးသွင်းဖို့ လိုအပ်ပြီးတော့ ဒီအခြေအနေမှာ ကျနော်တို့ အူဘာအတွက် ဂိုးဖန်တီးမှုတွေ ပိုလုပ်သင့်ပါတယ်။ သူဟာ အရေးပါတဲ့အနိုင်ဂိုးကို သွင်းပေးခဲ့တာဖြစ်ပြီး ဒါဟာ ကစားသမားရဲ့ယုံကြည်မှုကို သေချာပေါက် မြင့်တက်စေပါလိမ့်မယ်။ ကျနော်က ကစားသမားတွေရဲ့ယုံကြည်မှု မြင့်တက်လာစေချင်ခဲ့ပြီး အခုချိန်မှာ တသင်းလုံးအနေနဲ့ သူတို့ ဘယ်သူတွေလဲဆိုတာကို ပြသဖို့ တောင်းဆိုခဲ့ပါတယ်‌။ ကျနော်တို့ ဒီပွဲမှာ သတ္တိရှိရှိ ကစားနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်မိပါတယ်။ သူတို့ဘက်က ကွင်းလယ်လူ ၄ ယောက်နဲ့ ခန့်မှန်းရခက်တဲ့ ကစားပုံကို ခင်းကျင်းခဲ့ပြီး ၂ ယောက်က နောက်ခံလူတွေကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပထမပိုင်းမှာတင် ကျနော်တို့ ၂ ဂိုးလောက် သွင်းယူနိုင်သင့်ခဲ့ပြီး နောက်ပိုင်းမှာ တစ်ဂိုး ရရှိခဲ့ပါတယ်။ တစ်ယောက်ချင်း ယှဉ်ပြိုင်မှုတွေမှာ အနိုင်ရရှိဖို့ လိုအပ်ခဲ့ပြီး ကစားသမား တစ်ဦးချင်းစီက ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကတော့ ထိပ်တန်းပါပဲ” လို့ အာတီတာက ပြောပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ အာဆင်နယ်အသင်း အနိုင်ရရှိခဲ့တာဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၀၁၅ နောက်ပိုင်း ကြီး ၆ ကြီး စာရင်းဝင် အသင်းတသင်းကို ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာကို ရောက်ရှိခဲ့ပြီး မန်ယူနိုက်တက်အသင်းကတော့ အဆင့် ၁၅ အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up