အစိုးရနှင့် ပလောင်တပ်ဖွဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေး
နန်းမြနဒီ
·
July 31, 2013
အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီအဖွဲ့ဟာ ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်/တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရွှေလီရိပ်သာမှာ ဆွေးနွေးနေကြပါတယ်။
ဒီနေ့မနက် ၉ နာရီကနေ ၁၂ နာရီထိ ဆွေးနွေးပွဲမှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်တစုံတရာမရသေးဘဲ မွန်းလွဲပိုင်းမှာ ဆက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။
ဆွေးနွေးပွဲကို အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ဦးဆောင်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဘက်က အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော် ဦးဆောင်ပြီး ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ ပလောင်ဒေသ အမျိုးသားလွှတ်တော်အမတ်နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ဆွေးနွေးပွဲကို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ)၊ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစိုးရနဲ့ ဆွေးနွေးဖို့ ဇူလိုင် ၃၀ ရက်နေ့က ရောက်ရှိလာတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေကို နမ့်ခမ်းနဲ့ မူဆယ်မြို့မှာရှိတဲ့ ပလောင်တိုင်းရင်းသားတွေ ရာနဲ့ချီပြီး ကြိုဆိုခဲ့ပါတယ်။ဆွေးနွေးပွဲ နောက်ဆက်တွဲသတင်းတွေကို အကညနေပိုင်းမှာ ဆက်လက်ဖော်ပြသွားပါမယ်။