ဒီလို ပြစ်ဒဏ်မျိုး မကျူးလွန်သင့်ပါဘူး၊ ဒီကိစ္စကနေ သင်ယူပါ့မယ် –  ပေါ့ဘာ

ဟက်တာဘယ်လာရင်ကို လဲကျစေခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ဟာ အသုံးမကျတဲ့ အမှားတခု ဖြစ်တယ်လို့ မန်ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဘာက ဝန်ခံပါတယ်။ ဒီပင်နယ်တီကြောင့် မန်ယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပေါ့ဘာဟာ ဘယ်လာရင်ကို မန်ယူနိက်တက်အသင်းရဲ့ ဧရိယာအတွင်းမှာ အဝင်ကြမ်းခဲ့တာကြောင့် ဒိုင်လူကြီးက အာဆင်နယ်ဘက်ကို ပင်နယ်တီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပင်နယ်တီကို အူဘာမီယန်းက ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပြီးတော့ မန်ယူနိုက်တက်အသင်းအတွက် အခုရာသီ တတိယမြောက် ပရီးမီးယားလိဂ် ရှုံးပွဲကို ကြုံတွေ့စေခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အကောင်းဆုံပုံစံမှာ ရှိမနေခဲ့ဘူးလို့ ပေါ့ဘာက ဝန်ခံသွားခဲ့ပါတယ်။  “ဒါဟာ အားနည်းတဲ့စွမ်းဆောင်ရည်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီလို ပြစ်ဒဏ်မျိုး မကျူးလွန်သင့်ပါဘူး။ ကျနော့်စိတ်ထဲမှာ ဘောလုံးကို ထိလိုက်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ မထိခဲ့ပါဘူး။ ကျနော့်ကြောင့် ဒီပင်နယ်တီကနေ ဂိုးပေးလိုက်ရတာပါ။ ကျနော် ပြောသလိုပါပဲ။ ကျနော်တို့အသင်းအနေနဲ့ ကျနော်ကနေစလို့ တသင်းလုံး ပိုကောင်းအောင် လုပ်ရပါမယ်။ ကျနော့်စိတ်ထင် သူ့ကို နည်းနည်းထိသွားတယ်လို့ ထင်ပါတယ်။ ကျနော် ဧရိယာထဲမှာ ရှိနေတယ် ဆိုတာကိုလည်း သိပါတယ်။ ကျနော် ဒီလိုအမှားမျိုး မလုပ်သင့်ပါဘူး။ ကျနော် အရမ်းမောပန်းနေလို့ ဒီလိုမျိုး မလုပ်သင့်တဲ့အမှားမျိုး ကျူးလွန်မိခဲ့တာပါ။ ကျနော် ဒီကိစ္စကနေ သင်ယူပါ့မယ်။ ကျနော့်ရဲ့ ဧရိယာအတွင်း ခံစစ်ကစားမှုတွေဟာလည်း အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာကို လုပ်ဆောင်သွားပါ့မယ်။ တသင်းလုံးအနေနဲ့ ကျနော်တို့ အခွင့်အရေးတွေ ပိုမိုဖန်တီးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အဖြေရှာဖို့ လိုအပ်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျနော်တို့အသင်းဟာ ဘောလုံးကိုင်ထားရင်တောင် အန္တရာယ်မပေးနိုင်တဲ့ အနေအထားကို ရောက်နေတာပါ။ ဒါ့ကြောင့် ကျနော်တို့ တသင်းလုံးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ” လို့ ပေါ့ဘာက ပြောပါတယ်။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဘာ ကျူးလွန်ခဲ့တဲ့ အမှားအတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်မှာတော့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကန်ဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up