နောက်ပြန်ကန်ချက်ဖြင့် အေစီမီလန်အတွက် နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့သည့် မိုဗစ် (ရုပ်သံဟိုက်လိုက်)

အေစီမီလန်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ဟာ အူဒီးနီးနဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီပေးခဲ့ပါတယ်။  ဒီသွင်းဂိုးဟာအသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဒီရာသီလိဂ်ပွဲစဉ် ၄ ပွဲအတွင်း ၇ ဂိုးမြောက် သွင်းယူမှုလည်း ဖြစ်ပါတယ်။ “ကျနော်သွင်းခဲ့တဲ့ဂိုးက ကောင်းမွန်လွန်းတဲ့ ဂိုးဖြစ်ပေမယ့် အသင်းအတွက် အနိုင်ရလဒ်ရရှိခဲ့ခြင်းက ပိုအရေးကြီးပါတယ်။ ကျနော်တို့ဟာ ဥရောပရဲ့ အသက်အငယ်ဆုံး အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ကျနော့်အသက်အရွယ်က ပြောစရာဖြစ်ပေမယ့် တခြားအသင်းဖော်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် လူငယ်လေးလိုပဲ ခံစားရပါတယ်”  လို့ မိုဗစ်က ပြောပါတယ်။  အူဒီးနီးနဲ့ပွဲမှာ မိုဗစ်ဟာ အနိုင်ဂိုးကို မသွင်းယူခင် ကတ်ဆီရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။  မီလန်အသင်းဟာ ပင်နယ်တီကနေ ချေပဂိုးပေးလိုက်ရပြီးနောက်ပွဲချိန် ၈၃ မိနစ်မှာ မိုဗစ်က လှပတဲ့ ကန်ချက်နဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လေပေါ်ကနေ နောက်ပြန်ကန်ချက်နဲ့ အူဒီနီး နောက်ခံလူ ၂ ဦးနဲ့ ဂိုးသမားတို့ကို ကျော်ဖြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် မိုဗစ်ဟာ အေစီမီလန်အသင်းကို တကျော့ပြန်ခရီးစဉ်အတွင်း စီးရီးအေပွဲ  ၂၂ ပွဲ ကစားပြီးချိန် ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် အေစီမီလန်အသင်းဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တွေ ပြန်စခဲ့တဲ့ ဇွန်လကစလို့ ၂၄ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up