ထိုင်းရဲတွေဟာ နိုင်ငံအတွင်း အထင်ရှားဆုံး ဆန္ဒပြ ခေါင်းဆောင် ၃ ယောက်ကို ပြန်ဖမ်းခဲ့ပြီး သူတို့ထဲက တယောက်ကတော့ သတိလစ်လျက် ကားပေါ်ကနေ ခေါ်သွားခံရတယ်လို့ အောက်တိုဘာ ၃၁ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၂ နှစ်နဲ့ ၂၄ နှစ် အသီးသီးရှိကြတဲ့ ဆန္ဒပြခေါင်းဆောင် ပါနုပွန် ကျဒ်နွတ်၊ ပါနုဆယာ စီထိဂျရဝတ် တာနာကူးလ် နဲ့ ပါရစ် ချီဝါရက်ခ်တို့ အဖမ်းခံခဲ့ရပါတယ်။
ပါနုပွန်ကို ဘန်ကောက် ရမဲန်ထောင်ကနေ ပါရာချာ ချုအန် ရဲစခန်းဆီ သယ်သွားချိန်မှာ ခွေကျသွားလို့ သူ့ကို ရဲကားထဲကနေ လူနာတင်ကားဆီ ပွေ့ခေါ်သယ်ထုတ်သွားရတယ်လို့ဆိုပါတယ်။
ပါနုပွန်ဟာ အန္တရာယ်မရှိပေမယ့် ဆေးရုံမှာ တညတော့ နေရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေတွေက ပြောပါတယ်။
ပါနုပွန်ဟာ ဗန်ကားထဲမှာ ကြပ်ညပ်နေအောင် ထည့်ထားခံရအပြီး မေ့လဲသွားတာလို့ ရှေ့နေအုပ်စုက ယုံကြည်ကြောင်း ပြောပါတယ်။
ရဲတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် တစုံတရာ မပြောသေးပါဘူး။ ရဲစခန်းအပြင်ဘက်မှာ ဝရုန်းသုန်းကား ဖြစ်နေချိန်မှာ ပါရစ်က သူ့ အင်္ကျီကိုဆုတ်ဖြဲခဲ့ပြီး ပါနုဆာယာကတော့ အဲ့ဒီနေရာမှာ စုရုံးနေတဲ့ ထောက်ခံသူတွေကို လက်တန်း မိန့်ခွန်းပြောပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တွေကတော့ သူတို့ကို ပြန်ဖမ်းတဲ့ တရားဝင်မှုအပေါ် စိန်ခေါ်ခဲ့ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။ သူတို့အပေါ် စွဲချက် အားလုံးကိုလဲ ငြင်းခဲ့ကြပါတယ်။
စည်းမျဉ်းခံ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ ဆန့်ကျင်ရေး လချီ ဆန္ဒပြနေတာ အဆုံးသတ်ရေး နှိမ်နင်းဖို့ ထိုင်းအစိုးရက အောက်တိုဘာ ၁၅ ရက်မှာ အရေးပေါ်အခြေအနေ အမိန့်ထုတ်ခဲ့ပါတယ်။
အဖမ်းခံ ဆန္ဒပြ ခေါင်းဆောင် ၃ ယောက်ဟာ စည်းမျဉ်းခံ ဘုရင်စနစ်ရဲ့ သြဇာကို ထိန်းချုပ် ကန့်သတ်ဖို့ အသံအကျယ်ဆုံး ဆော်သြခဲ့သူတွေပါ။
သူတို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အရေးပေါ် ဥပဒေတွေကို ချိုးဖောက်မှု အပါအဝင် စွဲချက် အတော်များများနဲ့ တရားစွဲ ထားပါတယ်။
အရေးပေါ် အမိန့်ကို အရင်အပတ်က ပယ်ဖျက်ခဲ့ပေမယ့် အဲဒီအမိန့်ကို ပြန်သုံးပြီး ဆန္ဒပြ ခေါင်းဆောင်တွေအပါအဝင် အတော်များများ အဖမ်းခံခဲ့ရပါတယ်။