ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် မိဘတွေအတွက်စိုးရိမ်တာကြောင့် အောင်ပွဲမခံခဲ့တာလို့ အနိုင်ဂိုးရှင် ကိုင်လီဝေါ်ကာက ပြောပါတယ်။
ဝေါ်ကာဟာ ရှက်ဖီးလ်နဲ့ပွဲမှာ သူ့ရဲ့ မန်စီတီးကစားသမားဘဝ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၂၈ မိနစ်မှာ ဧရိယာအပြင်ဘက်ကနေ အသင်း ဟောင်း ရှက်ဖီးလ်ကိုဂိုးသွင်းယူခဲ့ပါတယ်။
ဝေါ်ကာဟာ ရှက်ဖီးလ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ကာ ရှက်ဖီးလ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ ဝေါ်ကာရဲ့ မိခင်နဲ့ဖခင်ဖြစ်သူတို့ဟာ ရှက်ဖီးမြို့မှာ နေထိုင်နေကြဆဲဖြစ်ပြီး သူတို့ကို စိတ်ဆိုးစေမယ့် အပြုအမှုမျိုး မလုပ်ချင်ခဲ့ဘူးလို့ပြောပါတယ်။
“ကျနော့်အဖေနဲ့အမေက ဒီမှာနေနေကြတာပါ။ ဒါ့ကြောင့်တကယ်လို့ ကျနော်သာ အောင်ပွဲခံခဲ့မယ်ဆိုရင် ကျနော့်ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားပါလိမ့်မယ်။ ကျနော်က ရှက်ဖီးလ်အသင်းရဲ့ ပရိသတ်တစ်ဦးပါ။ ဒါ့ကြောင့် အောင်ပွဲမခံခဲ့တာလည်း ပါပါတယ်။ ကျနော်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အနိုင် ၃ မှတ်ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ရှက် ဖီးလ်အသင်းဟာ တကယ်ကောင်းတဲ့ အသင်းဖြစ်ပြီး ကံကောင်းလို့ ကံတရားက ကျနော့်တို့ဘက်မှာ ရှိနေလို့ ဂိုးရရှိခဲ့တာပါ” လို့ ဝေါ်ကာကပြောပါတယ်။
စနေနေ့ပွဲစဉ်မှာ ဧည့်သည်မန်စီတီးအသင်းဟာ ရှက်ဖီးလ်ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့် ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်ဂိုးသမား အာရွန်ရမ့်ဒယ်လီဟာ ဒီပွဲမှာ ကာကွယ်မှု ၈ ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။
အဂွီရို၊ ဂျေဆု စတဲ့ အဓိကတိုက်စစ်မှူးတွေ မကစားနိုင်ချိန်မှာ ဝေါ်ကာက အသင်းအတွက် လိုအပ်တဲ့ အနိုင် ၃ မှတ်ကို ရှာဖွေပေးနိုင်ခဲ့တာဖြစ်ပြီး ဂိုးမပေးခဲ့ရတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ပြောပါတယ်။
ဒီပွဲအနိုင်ရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာဖိအားများနေတဲ့ မန်စီတီးနည်းပြ ဂွါဒီ ယိုလာအတွက် ဖိအားအနည်းငယ် လျှော့ချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဂေါဒီယိုလာဟာ ဒီရာသီမှာ သူ့အတွက် အဆိုးရွားဆုံးရာသီအစ လိဂ်ရလဒ်တွေနဲ့ ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဒီပွဲရလဒ်ဟာ ရှက်ဖီးလ်နည်းပြအတွက် ဖိအားတွေကို ပိုတိုးလာစေခဲ့ပါတယ်။ ရှက်ဖီးလ်အသင်းဟာ ၇ ပွဲကစားပြီးချိန်အထိ နိုင်ပွဲ လုံးဝမရရှိသေးပါဘူး။