Home
မေးမြန်းခန်း
၄၀၁ ကို နိုင်ငံရေးလက်နက်တခုအနေနဲ့ ထုတ်သုံးမှာမဟုတ်ဘူးလို့ ပြောသွားတယ်
DVB
·
July 30, 2013
ဇူလိုင် ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပိုဒ် ၁ ပါ အချက်အလက်နဲ့ ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအပိုဒ် ၁ ပါ အချက်အလက်အရ ဘယ်လိုအကျဉ်းသားတွေ အကျုံးဝင်တယ် သို့မဟုတ် အကျုံးမ၀င်ဘူး၊ ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်မှခံစားခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ရှိတာကို သိလိုတာနဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း ဒီအဆိုကို လက်ခံခဲ့တာဖြစ်လို့ ရှင်းလင်း မြင်သာမှုရှိတဲ့အဖြေကို ပြန်လည်ရရှိမယ်လို့ မျှော်လင့်တဲ့အကြောင်း အဆိုတင်သွင်းသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဇမ္ဗူသီရိမြို့နယ် လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ဒီဗွီဘီကို ပြောပါတယ်။ဒါ့အပြင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခွင့်ပြုထားတဲ့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရွေးချယ်ရေးကော်မတီအနေနဲ့ အပြည့်အ၀ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိတဲ့အပေါ်မှာ သူက သုံးသပ်ထားပါသေးတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ အဲဒီအဆိုကို တင်သွင်းထားတယ်ဆိုတော့ လွှတ်တော်ဘက်က ဘယ်လို တုံ့ပြန်သလဲ။ [caption id="attachment_42030" align="alignleft" width="226" caption="ဒေါ်စန္ဒာမင်း (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်)"][/caption] “ကျမ ဒီမေးခွန်းကို မေးကြည့်တဲ့အချိန်မှာ အားလုံးက ကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းက ကျမ ကြားသိထားသလောက်ကတော့ ၄၀၁ နဲ့ ပတ်သက်ပြီးတော့ တင်ထားတဲ့လူတွေ များပါတယ်။ ဒါပေမယ့် အခုအချိန်အထိ ဆွေးနွေးတာ ကျမ ပထမဦးဆုံးပါပဲ။ ဒီ ၄၀၁ နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခွင့်ရတဲ့အတွက်ရော၊ လွှတ်တော်မှာ တင်ပြနိုင်တဲ့အတွက်ရော အားလုံးက အရမ်းကျေနပ်တယ်။ နောက်ပြီးတော့ အပြင်မှာရှိတဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံးအနေနဲ့လည်း ဒီဟာအပေါ်မှာ အရမ်းကျေနပ်ကြတယ်။ အဲဒီလိုပါပဲ ကျမထင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ကလည်း ဒီမေးခွန်းအပေါ်မှာ ကျေနပ်လိမ့်မယ်လို့ ကျမ ထင်တယ်။” မေးခွန်းအပေါ် လွှတ်တော်ဥက္ကဋ္ဌဘက်က ဘယ်လိုအဖြေမျိုး ပေးလဲ။ “ဥက္ကဋ္ဌက ဒီကိစ္စ မေးခွင့်ရှိတဲ့အတွက် ကျမရဲ့ မေးခွန်းကို တင်ပေးလိုက်တာပါ။ သူတို့အနေနဲ့ တကယ်တမ်းဆိုရင် လွှတ်တော်ထဲမှာ မမေးသင့်တဲ့ မေးခွန်းတွေဆိုရင် သူတို့ မတင်ပေးပါဘူး။ ကျမကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့်ကိုယ်တိုင် လာဖြေပေးတာပေါ့နော်။ မေးသင့်တဲ့ မေးခွန်းဖြစ်တဲ့အတွက် အချိန်အခါနဲ့လည်း သင့်တော်တာ ဖြစ်တဲ့အတွက် သူဖြေပေးလိုက်တာပါ။” တင်သွင်းခဲ့တဲ့ မေးခွန်းဟာ လွှတ်တော်ကနေတဆင့် ရောက်သွားပြီးတော့ အချိန်အတိုင်းအတာ တခုအထိ ရောက်သွားရင် ဒီအဖြေ ထွက်လာမယ်လို့ ဆိုလိုတာလား။ “ဗိုလ်မှုးချုပ် ကျော်ဇံမြင့်က တိတိကျကျ ကျမမေးခွန်းတွေကို ဖြေသွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူဖြေသွားတဲ့ထဲမှာ ကျမတို့အပေါ် နိုင်ငံတော်သမ္မတအနေနဲ့ ဒီ ၄၀၁ ကို နိုင်ငံရေးလက်နက်တခုအနေနဲ့ ထုတ်သုံးမှာ မဟုတ်ပါဘူးဆိုတာကိုလည်း ပြောသွားပါတယ်။ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူ ဒီမိုကရေစီဘက်တော်သားအာလုံးကိုလည်း သူတို့အနေနဲ့ ရှေ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ ဆိုပြီး ပြောသွားပါတယ်။ ဒါက လွှတ်တော်ထဲမှာ ပြောသွားတာ ဖြစ်တဲ့အတွက် ကတိက၀တ်နဲ့ သက်ဆိုင်ပါတယ်။ ကျမတို့အနေနဲ့ သူတို့ ဘယ်လောက် ကတိတည်တယ်ဆိုတာက ဒီနေ့ ဒီအချိန်ကစပြီးတော့ ကျမတို့ စောင့်ကြည့်နေမှာပဲ။”ဒီအဆိုကို တင်သွင်းလိုက်ပြီး ပြန်ကြားတဲ့အခါ ဘယ်လို ရလဒ်ကောင်းမျိုးကို မျှော်လင့်လဲ။“အဓိက ပြောချင်တာက ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အပုဒ် ၁ မှာ ကျမတို့က ဒီလိုမျိုးဟာတွေနဲ့ နိုင်ငံရေးအကျဉ်းသား တခုတည်းကို ရည်ညွှန်းပြီးတော့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုအကျဉ်းသားပဲဖြစ်ဖြစ် ပြစ်ဒဏ်ကနေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတက ပေးပြီးပြီဆိုရင်တော့ နောက်တခေါက်ကို ဒီလိုပုဒ်မတွေနဲ့ ပြန်လည်ဖမ်းဆီးတာမျိုးတွေ၊ ပြစ်ဒဏ်တခုခု ကျူးလွန်တဲ့အခါမှာ ဒီပုဒ်မကို ကိုင်စွဲပြီးတော့ ကျန်ရှိတဲ့ ပြစ်ဒဏ်ကို ဆက်လက်ခံစားစေဆိုတဲ့ ရလဒ်မျိုးတွေကို ဆက်ပြီးတော့ မရှိအောင်လို့ ရည်ရွယ်ပြီးတော့ ဒီမေးခွန်းကို ကျမမေးတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမအနေနဲ့လည်း မျှော်လင့်ပါတယ်။ သူတို့အနေနဲ့ လွှတ်တော်ထဲမှာ ကတိက၀တ်ပေးပြီးသွားပြီဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့ ဒီလိုရလဒ်မျိုးတွေ မရှိတော့ဘူးလို့ ကျမ ထင်ပါတယ်။” သမ္မတကလည်း ပြစ်မှုတစုံတရာ ရှိနေတယ်ဆိုလို့ရှိရင်တော့ ဒါကို ပြစ်မှု ထုံးစံအရ ဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုပြီး ပြောထားတာ ရှိတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။ “အခုလက်ရှိ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျမတို့ အပါအ၀င် နဂိုကတည်းက ခံစားခဲ့ရတဲ့လူတွေဟာ တည်ဆဲဥပဒေကို ကျူးလွန် ဖောက်ဖျက်ထားတဲ့ လူတွေ မဟုတ်ပါဘူး။  အဒီလိုမျိုး သူပြောဆိုလိုက်တဲ့ အပေါ်မှာလည်း တည်ဆဲဥပဒေကို ဖောက်ဖျက်လို့ ဒီလိုနိုင်ငံရေး အကျဉ်းသားတွေဆိုတဲ့ စကားလုံး အသုံးအနှုန်းမှားတဲ့အပေါ်မှာတော့ ကျမတို့အနေနဲ့ရော၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ရော၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရော၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကရော နိုင်ငံရေးအကျဉ်းသားဆိုတဲ့ဟာမှာ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်ပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုပြီးသားရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ နိုင်ငံရေးအကျဉ်းသားအနေနဲ့ သတ်မှတ်မလား၊ မသတ်မှတ်ဘူးလား၊ ယခုအချိန်ရော၊ နောင်ကို ဖမ်းဆီးပြီးတော့ ပြစ်မှုကြောင်းအရာ အရေးယူမယ်ဆိုရင်ရော ဒါကို နိုင်ငံရေး အကျဉ်းသားအနေနဲ့ သတ်မှတ်မလား၊ မသတ်မှတ်မလားဆိုတဲ့ဟာကို အခုအဓိပ္ပာယ် ဖွင့်ဆိုထားတာ ရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျမတို့ ဆုံးဖြတ်သွားမှာပါ။ အခုအချိန်အထိတော့ အကျဉ်းသားတွေကို စိစစ်ပြီးတော့ လွှတ်ပေးနေတဲ့အပေါ် မူတည်ပြီး ကြည့်ရင်တော့ ကော်မတီရဲ့လုပ်ဆောင်ချက်ဟာ အားမရဘူးလို့ မဟုတ်ပါဘူး။ ကော်မတီက လုပ်ပိုင်ခွင့်တွေ အများကြီး မရရှိတာပါ။ ကျမမြင်တာကတော့ ကော်မတီတခုကို ဖွဲ့စည်းပြီးလို့ရှိရင် လုပ်ပိုင်ခွင့်ကို အပြီးသတ်ပေးရပါလိမ့်မယ်။ ဒါပေမယ့် ကော်မတီနဲ့ တဖက်မှာရှိတဲ့ သမ္မတရဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတဲ့ အခါမှာ နိုင်ငံရေးအကျဉ်းသား ၀ိဝါဒ ကွဲပြားတာမျိုးလည်း ရှိနေသေးသလို နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်တဲ့အပေါ်မှာ ၀ိဝါဒတွေ ကွဲပြားနေတာတွေ ရှိပါတယ်။ အခုအချိန်အထိလည်း နိုင်ငံရေး အကျဉ်းသားဆိုတာ လွှတ်တာ မပြီးသေးတာတွေ ဖြစ်နေတာပါ။ အခု ၁၇ ( ၁) ကိုပဲ နိုင်ငံရေးအကျဉ်းသား သတ်မှတ်မှာလား၊ ဘယ်ဟာကို နိုင်ငံရေး အကျဉ်းသားနဲ့ သတ်မှတ်မှာလဲ ပုဒ်မနဲ့ ခွဲခြားလို့ မရပါဘူး။ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်မှာ ၀ိဝါဒ ကွဲပြားနေတာ ဖြစ်တဲ့အတွက် အခုအချိန်အထိကိုပဲ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ကော်မတီအနေနဲ့လည်း လုပ်ပိုင်ခွင့်တွေ အပြီးသတ်မရသေးဘူး ဖြစ်တာပါ။” ကော်မတီတွေနဲ့ လုပ်ပိုင်ခွင့်တွေဟာ အပြည့်အ၀ မရှိဘူးဆိုတော့ ဘယ်လိုလုပ်ပိုင်ခွင့် တွေကို ရစေချင်တာလဲ။ “အမှန်တော့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးအဖွဲ့ဆိုတဲ့ တဖက်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ အဓိပ္ပာယ် ဖော်ဆောင်တဲ့နေရာမှာရော ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ရတဲ့ ပုဒ်မတွေ အားလုံးအပေါ်မှာရော တဖက်မှာရှိတဲ့ အစိုးရအဖွဲ့နဲ့ ဆက်ဆံရတဲ့အခါမှာ အစိုးရအဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အပေါ်မှာ ပွင့်ပွင့်လင်းလင်း ရှိစေချင်တယ်။ သူတို့က ဘယ်လိုလူမျိုးကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအနေနဲ့ သတ်မှတ်တယ်၊ ဒီဘက်က ဘယ်လိုသတ်မှတ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေချင်တယ်။ ဒီအဖွဲ့ထဲမှာ ကျမကတော့ မပါပါဘူး။ ကျမတို့ ဘေးကနေ စောင့်ကြည့်နေတဲ့ သဘောတရားကတော့ ဒါကို ပွင့်ပွင့်လင်းလင်း မရှိပါဘူး။ ဟိုဘက်နဲ့ ဒီဘက် သတ်မှတ်တဲ့ဟာမှာ အဓိပ္ပာယ်ဖော်တာ ၀ိဝါဒ ကွဲပြားနေတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေက တပြိုင်နက်တည်း မလွှတ်ဘဲနဲ့ ကျန်ရှိနေတယ်လို့ ကျမထင်တယ်။ ဒီဘက်ကလည်း နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ အကုန်လုံး မရဘူးဖြစ်နေတယ်။ စာရင်းကောက်တာကိုက လူဦးရေ စာရင်းတွေ ကွဲပြားနေတယ် ဟိုဘက်နဲ့ ဒီဘက်ပေါ့။” လက်ရှိ အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူဦးရေး ဘယ်လောက်ရှိလဲ။ “နဂိုတုန်းက ဒီတသုတ်မလွှတ်ခင် ကျမတို့မှာ ၃၀၀ ကျော် သတ်မှတ်ထားပါတယ်။ အခုလွှတ်ပြီးပြီဆိုရင်တော့ ၂၀၀ ကျော် ကျန်ဦးမှာပေါ့နော်။ ကျမတို့ဘက်မှာ လက်ရှိ စာရင်းကျန်နေတာ ၂၀၀ ကျော်လောက် ကျန်နေမယ်။ ဟိုဘက်နဲ့ ကျမတို့ စာရင်းကွဲပြားနေတယ်။ သူတို့မှာ တချို့ကိစ္စတွေကို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတာ ကျမတို့ဘက်မှာ စာရင်းမပါဘူး။ သူတို့ဘက်မှာ စာရင်းပါနေတာ ဒါမျိုးတွေလည်း ရှိနေတယ်။ စာရင်းတွေဟာ ကွာနေတယ်၊ ကျမတို့မှာ စာရင်း ၂၀၀ ကျော် ကျန်နေတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024