Home
မြန်မာသတင်း
ဘားအံမြို့နယ် မဲရုံ အချို့တွင် အားနည်းချက်များရှိဟု ကရင်ပြည်နယ် ဝန်ကြီးချုပ်ပြော (ဓာတ်ပုံ)
DVB
·
October 30, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက မဲရုံတချို့မှာ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတဲ့နေရာမှာ အားနည်းချက်တွေ ရှိတယ်လို့ ဘားအံ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ကြိုတင်မဲပေးနေတဲ့ အခြေအနေတွေကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအနေနဲ့ လိုက်လံကြည့်ရှုခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုတွေနဲ့ နိုင်ငံဝန်ထမ်းတချို့ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတဲ့ မဲရုံတချို့မှာ မဲပေးဖို့ ပြင်ဆင်ဆောင်ရွက်ထားတဲ့နေရာမှာ အားနည်းချက်တွေ၊ ပြည့်စုံမှုမရှိတာတွေရှိတယ်လို့ ဆိုပါတယ်။ ဆန္ဒမဲပေးတဲ့နေရာမှာ မဲရုံနေရာ ကျဉ်းမြောင်းတာတွေ၊ သက်ကြီးရွယ်အို  နေထိုင်မကောင်းသူတွေနဲ့ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေကို လိုအပ်တဲ့ ထောက်ပံ့မှုမရှိတာတွေ၊ မဲရုံအကူတွေရဲ့ အကူအညီအားနည်းတာတွေ၊ မဲရုံဖွင့်လှစ်ချိန်‌နောက်ကျတာတွေ ရှိနေတယ်လို့ ဆန္ဒမဲပေးသူအချို့က ပြောပါတယ်။ မဲရုံဖွင့်လှစ်ချိန်နောက်ကျတဲ့အပြင် ထမင်းစားချိန် ၁၁ နာရီခွဲ သတ်မှတ်ပြီး မဲရုံပိတ်လိုက်တဲ့အပေါ် အသက်အရွယ်အိုမင်းသူတွေအနေနဲ့ အခက်အခဲတွေရှိတယ်လို့ ကြိုတင်မဲလာရောက်ထည့်သူ ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်နေ  ဦးငွေသိန်းက ပြောပါတယ်။  “အခက်အခဲကတော့ ထိုင်စောင့်နေတာ ၁ နာရီ ၃၅ မိနစ်ရှိသွားပြီ။  အခုထမင်းစားဖို့ သူတို့ပိတ်သွားတယ်။ ခဏပြန်သွားတဲ့။ ၁ နာရီမှာပြန်လာပါတဲ့။  ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျနော်တို့လည်း ညောင်းညာတာပေါ့။” ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော်၊ ကျေးရွာပေါင်း  ၂၀၀၀ ကျော်ရှိပြီး  မဲရုံပေါင်း ၈၅၀ ကျော်ကို မဲရုံဖွင့်လှစ်ခွင့်ရရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာ မဲရုံတွေဖွင့်လှစ်မှာဖြစ်သလို မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂ သိန်း ကျော်ရှိပါတယ်။        ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီစတဲ့ ပါတီ ၁၆ ခုက  ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ရဲမင်းခေါင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024