Homeမြန်မာသတင်း
“ဒေါက်ဖိနပ်သူခိုးနှိမ်နင်းပြီ” သီချင်း အွန်လိုင်းပေါ်သီဆိုထုတ်လွှင့်ခဲ့သည့် လူငယ် ၁ ဦး အမှုဖွင့်ခံရ
“ဒေါက်ဖိနပ်သူခိုးနှိမ်နင်းပြီ” သီချင်း အွန်လိုင်းပေါ်သီဆိုထုတ်လွှင့်ခဲ့သည့် လူငယ် ၁ ဦး အမှုဖွင့်ခံရ
DVB
·
October 30, 2020
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ဝေဖန်တိုက်ခိုက် သီချင်းသီဆိုထုတ်လွှင့်ခဲ့တဲ့ လူငယ် ၁ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက နွားထိုးကြီးမြို့မရဲစခန်းမှာ အောက်တိုဘာ ၂၉ ရက်က ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဃ)နဲ့ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။
“ဒေါက်ဖိနပ်သူခိုး နှိမ်နင်းပြီ” သီချင်းကို ကြံ့ခိုင်ရေးပါတီရဲ့ ဂုဏ်သရေ ညှိုးနွမ်းစေဖို့ ရည်ရွယ် ကိုယ်တိုင်ဖန်တီးကာ zar ni aung ဖေ့စ်ဘွတ်အကောင့်ကနေ ဗီဒီယို ထုတ်လွှင့်ခဲ့တယ်ဆိုပြီး နွားထိုးကြီးမြို့နယ် ထန်းဇင်မြောက်ရွာနေ ဇာနည်အောင် (၂၅)နှစ်ကို နွားထိုးကြီးမြို့နယ် ကြံ့ခိုင်ရေးပါတီက အမှုဖွင့်လိုက်တာလို့ မြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးကြည်ဖေက ပြောပါတယ်။
အမှုဖွင့်တိုင်ကြားထားတဲ့အတွက် နွားထိုးကြီး မြို့မရဲစခန်း ဒုရဲအုပ် မြနန်းစံခမ်း က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဃ)အရ အမှုကိုစစ်ဆေး ဆောင်ရွက်နေပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တရားစွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မ ၅၈(ဃ)ဟာ ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ စုဝေး ဟောပြော လှုံ့ဆော် ရေးသားဖြန့်ချိ ပိုစတာဖြန့်ဝေခြင်းနဲ့ တခြားနည်းနဲ့ကြိုးပမ်းခြင်းကို ကျူးလွန်တဲ့ ပုဒ်မဖြစ်ပြီး တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာတော့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေအပေါ် မမှန်မကန်ရေးစပ်ထားတဲ့ သီချင်းဖွင့်ခဲ့တယ်ဆိုပြီး မဂျီးရွာသူ အမျိုးသမီး ၃ ယောက် တရားစွဲခံထားရပါတယ်။
အဆိုပါရွာသူ ၃ ယောက်ဟာ အန်အယ်လ်ဒီအောင်နိုင်ရေး လှည့်လည်လာစဉ် နေအိမ်တွေကနေ ဆောင်းဘောက်တွေ၊ အသံချဲ့စက်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်နဲ့ ပါတီအပေါ်မမှန်မကန်ရေးစပ်ထားတဲ့ စာသားတွေပါဝင်တဲ့ သီချင်းကို ကျယ်လောင်စွာဖွင့်လှစ် ကခုန်ကာ အန်အယ်လ်ဒီဝန်းရံသူတွေကို စော်ကားနှောင့်ယှက်ခဲ့တယ်ဆိုပြီး မဂျီးရွာ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးအုန်းမောင်က ငါန်းဇွန်မြို့နယ် တရားရုံးမှာ တရားလိုပြုလုပ် ဦးတိုက် လျှောက်ထားခဲ့တာပါ။
မဂျီး ကျေးရွာအုပ်စု မဂျီး ကျေးရွာနေ ဒေါ်နှင်း(၆၂)နှစ်၊ ဒေါ်သီတာအေး (၃၇ )နှစ်နဲ့ ဒေါ်ရွှေဇင်မာဝင်း (၃၅)နှစ်တို့အပေါ် တိုင်ကြားထားတဲ့အမှုကို ငါန်းဇွန်တရားရုံးက ရာဇသတ်ကြီးမှုအမှတ် ၂၆၇/၂၀၂၀နဲ့ လက်ခံလိုက်ပြီး ငါန်းဇွန်မြို့မ ရဲစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဇာဇာမောင်(CJ)