Home
မြန်မာသတင်း
ဝိုင်းမော်တွင် ကြိုတင်မဲပေး၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းလိုက်နာမှု အားနည်း
DVB
·
October 30, 2020
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆၀ အထက် ရှိသူတွေ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအချို့မှာ ပထမဆုံး ကြိုတင်မဲပေးခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းတွေ လိုက်နာမှု အားနည်းနေတယ်လို့ သိရပါတယ်။ မဲရုံတာဝန်ကျ မြို့နယ် ကျန်းမာရေးဝန်ထမ်းတဦးက "မဲပေးမယ့်သူတွေက ကျန်းမာရေးဌာနက ထုတ်ပြန်ထားသလို ၆ ပေခွာပြီး နေရမှာ အဲ့လိုတွေလည်း မရှိဘူး၊ ထုံးတွေ ဘာတွေလည်း တားထားတာမရှိဘူး၊ စနစ်လည်းမကျဘူး။ mask တော့ ချပေးထားတယ်၊ ဟန်းဂျယ်တော့ ချပေးထားတယ်။ ဒါပေမယ့် အဲ့ဒါတွေကို စွန့်ပစ်ဖို့ အမှိုက်ပုံး ပေးမထားဘူး။ စုပြုံတိုးနေတာ မတော်တဆ မိုးရွာခဲ့ရင် နေဖို့ နေရာမရှိဘူး။  ပိုးရှိတဲ့သူပါလာရင် ကူးပြီ။ ကျမအနေနဲ့  ညွှန်ကြားချက်နဲ့အညီ လုပ်ပေးဖို့ မဲရုံ တာဝန်ရှိသူတွေကို မနက်ကတည်းက ပြောထားတယ်။ ခုထိတော့ ဘာမှမလုပ်သေးဘူး" လို့ ပြောပါတယ်။ ကြိုတင်မဲဆန္ဒပေးခွင့်ရှိသူတွေကို အောက်တိုဘာ ၂၉ ရက်မှစပြီး နိုဝင်ဘာ ၅ ရက်နေ့ထိ မနက် ၈ နာရီကစပြီး ညနေ ၆ နာရီအထိ မဲပေးခွင့်ပြုထားတာလို့ သိရပါတယ်။ ဝိုင်းမော်မြို့ အမှတ် ၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက "ကျန်းမာရေးနဲ့အညီ ဖြစ်အောင်လို့ မဲပေးမယ့်သူတွေကို လိုက်ပြောထားတာရှိတယ်၊ ၆ ပေခွာဖို့ စည်းတော့ တားထားတယ်၊ အဲ့လောက်ခွာရင် မဲထည့်တဲ့သူတွေ နေပူထဲနေရမှာ၊ မိုးကာ မဏ္ဍပ်ထိုးရင်တော့ အဆင်ပြေမယ်။ ခုက အခက်အခဲတွေရှိလို့ အဲ့လိုတွေမလုပ်နိုင်တော့ဘူး" လို့ ပြောပါတယ်။ မြစ်ကြီးနားခရိုင်မှာ အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးမယ့်သူ စာရင်းအရ မြစ်ကြီးနားခရိုင်မှာ ၄၅၀၀၀ ကျော်ရှိတဲ့အနက် မြစ်ကြီးနားမြို့နယ်မှာ ၂၈၀၀၀ ကျော်၊   ဝိုင်းမော်မြို့နယ်မှာ ၁၂၉၀၀ ကျော်၊ ချီဖွေမြို့နယ်မှာ ၁၀၀၀ ကျော်၊  ဆော့လော်မြို့နယ်မှာ ၅၀၀ လောက် တနိုင်းမြို့နယ်မှာ ၃၀၀၀ ကျော်နဲ့  အင်ဂျန်းယန် မြို့နယ်မှာ ၁၃၀ ကျော် ရှိတယ်လို့ မြစ်ကြီးနား ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ရွေးကောက်ပွဲမှာ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ဖို့ မဲရုံပြင်ပနဲ့ မဲရုံအတွင်းမှာ တဦးနဲ့တဦး ၆ ပေခွာဖို့၊  နှာခေါင်းစည်း အသုံးပြုဖို့၊ ရေမလို လက်သန့်ဆေးရည်တွေ ထားရှိပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။ မြစ်ကြီးနားခရိုင်မှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၈၆)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၀)ဦး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၃၂)ဦးရှိပြီး ကိုယ်စားလှယ် (၁၅၈)ဦး ဝင်ရောက်ယှဉ်ပြိုင်  မှာ ဖြစ်ပြီး မဲရုံ ၂၉၃ရုံ ထားရှိမှာ ဖြစ်တယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးကသိရပါတယ်။ ထူးထူး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024