မကွေးတိုင်းအတွက် Remdesivir ထိုးဆေး အလုံး ၄၀၀ ရောက်ရှိ
DVB
·
October 30, 2020
မကွေးတိုင်းဒေသကြီးအတွက် ကိုဗစ်-၁၉ ရောဂါကုသနိုင်ဖို့ Remdesivir ထိုးဆေး အလုံး ၄၀၀ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ရောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွက် Remdesivir ထိုးဆေး အလုံး ၄၀၀ ရောက်ရှိတာဖြစ်ပြီး ကုတင် ၂၀၀ အထက်ဆေးရုံတွေဖြစ်တဲ့ မကွေးပြည်သူ့ဆေးရုံ၊ သင်ကြားရေးဆေးရုံ၊ မင်ဘူးပြည်သူ့ဆေးရုံနဲ့ ပခုက္ကူပြည်သူ့ဆေးရုံတွေကို ဖြန့်ဝေပေးသွားမယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
"ကုသတဲ့အပိုင်းကတော့ သက်ဆိုင်ရာ သမားတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း အဲဒီးဆေးထိုးဖို့ လိုအပ်တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကုသပေးမှာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချက်အလက်တွေကို လိုက်နာကြဖို့ တိုက်တွန်းလိုတယ်” လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃၂ ဦးရှိပြီး ကျန်းမာရေးကောင်မွန်သွားပြီး ဆေးရုံဆင်းခွင့်ရသူ ၃၃၇ ဦးရှိတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး