Home
မြန်မာသတင်း
တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေစပို့
DVB
·
July 29, 2013
နိုင်ငံ ၄ နိုင်ငံက ကုမ္ပဏီ ၆ ခု ပူးပေါင်း ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေ တရုတ်နိုင်ငံကို စတင်ပို့ဆောင်နေပါတယ်။ မြန်မာ၊  တရုတ်၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံထားတဲ့  သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေကို  ရခိုင်ကမ်းလွန်ကနေ မြန်မာနိုင်ငံ တနံတလျားကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဇူလိုင် ၂၈ ရက်က စပို့တာပါ။ ဓာတ်ငွေ့ပိုက်လိုင်း စတင်ခြင်း အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပြီး မြန်မာ ဒုသမ္မတ ဦးဥာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်နဲ့ တောင်ကိုရီးယား  ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ တရုတ် ဆင်ဟွာ သတင်းမှာ ရေးပါတယ်။ ဒီပိုက်လိုင်းဟာ တရုတ်-မြန်မာ ရေနံ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းရဲ့ အစိတ်အပိုင်း တခုဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူကနေစတင်ကာ ရခိုင်၊ ရှမ်းပြည်နယ်၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတွေကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ ဆက်သွယ်ထားတာလည်း ဖြစ်ပါတယ်။ ကီလိုမီတာ ၇၉၃ ရှည်တဲ့  ဒီပိုက်လိုင်းကနေ တနေ့ကို သဘာဝဓာတ်ငွေ့  ကုဗပေ သန်း ၁၂၀၀ တင်ပို့မှာလည်း ဖြစ်ပြီး   မြန်မာနိုင်ငံက နှစ်စဉ် အမေရိကန် ၁.၅ ဘီလီယံ ဒေါ်လာဝင်ငွေရရှိမှာလည်း ဖြစ်ပါတယ်။ ဒီပိုက်လိုင်း တည်ဆောက်မှုကို ၃ နှစ်နီးပါး လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလက ဓာတ်ငွေ့စတင် စမ်းသပ်ပို့လွှတ်ခဲ့ပါတယ်။  သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကတော့ ဒီပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ လယ်မြေသိမ်းမှုတွေကြောင့် ဒီစီမံကိန်းရပ်ဖို့ တောင်းဆိုနေခဲ့ကြတာပါ။ ခုလို ဒီပိုက်လိုင်းဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်ပြီးတော့  ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့ရဲ့ ပြောခွင့်ရ ဦးဝင်းအောင်က “စီမံကိန်းပြီးသွားတဲ့ နောက်ပိုင်းမှာ ဒီစီမံကိန်းဟာဖြင့် တကယ့်တကယ် လက်ရှိ သမ္မတ ဦးသိန်းစိန် သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းအရရော၊ တကယ့်တကယ် ပြည်သူလူထုတွေ လိုအပ်ချက်တွေနဲ့ ဘယ်လောက်ထိ ကိုက်ညီမှု ဆိုတာကတော့ ကျနော်တို့ အတွက် မေးခွန်းထုတ်စရာလို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီမံကိန်းကြီး ပြီးသွားပေမယ့် ဒီစီမံကိန်းတလျှောက်မှာ ကျန်ခဲ့တဲ့ ဒီ လယ်ယာမြေသိမ်းပိုင်မှုတွေနဲ့ လျော်ကြေးကိစ္စတွေ တခြား ထိခိုက်နစ်နာမှုတွေက အစပေါ့နော်၊ ဒီစီမံကိန်းက ရလာမယ့် အကျိုးအမြတ်တွေက တိုင်းသူပြည်သားတွေ ဒီသံယာဇတကို ပိုင်ဆိုင်တဲ့ ဒေသခံတွေ ဘယ်လောက်အထိ အကျိုးအမြတ် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိတာ မရှိတာတွေ ကျနော်တို့ အနေနဲ့ အာမခံချက် ပေးနိုင်တဲ့ ဘာသတင်းအချက်အလက်မှ မရှိတာတွေကတော့ ပိုပြီးသိသားထင်ရှားတယ်လို့ ကျနော်တို့ အနေနဲ့ မြင်တယ်။” ဒီဓာတ်ငွေ့ပိုက်လိုင်းနဲ့ အပြိုင် အရှေ့အလယ်ပိုင်းကနေ ရေနံတင်ပို့မယ့် ပိုက်လိုင်းတခုကိုလည်း ဆောက်လုပ်နေပါတယ်။ ဒီပိုက်လိုင်း တည်ဆောက်လိုက်တဲ့အတွက် တရုတ်နိုင်ငံဟာ မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ မြန်မာပြည်ကနေတဆင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို  တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းကို တင်ပို့နိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024