Home
မြန်မာသတင်း
ရန်ကုန်၊ ပဲခူးနှင့် ရခိုင်တွင် အသေးစားချေးငွေ ပြန်ဆပ်ကာလကို ဧပြီအထိရွှေ့ဆိုင်းရန် ညွှန်ကြား
DVB
·
October 29, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများတဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ် အတွင်းက အသေးစားချေးငွေရယူထားသူတွေအတွက် အတိုးနဲ့အရင်း ပြန်ဆပ်ကာလကို ဧပြီလအထိ ရွှေ့ ဆိုင်းပေးဖို့ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ညွှန်ကြားထားပါတယ်။ ဒီတိုင်းနဲ့ပြည်နယ်သုံးခုက ချေးငွေရယူထားသူတွေရဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ပြန်ပေးဆပ်ရမယ့် အတိုးနဲ့အရင်းတွေကို ရွှေ့ဆိုင်းပေးဖို့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ညွှန်ကြားထားတာပါ။ ဒီညွှန်ကြားချက်အရ ရွေ့ဆိုင်းပေးလိုက်တဲ့ နှစ်လစာ ချေးငွေအတိုးနဲ့အရင်းကို လာမဲ့နှစ် မေလကနေ အောက်တိုဘာလ အတွင်းမှာ အသေးစား ချေးငွေလုပ်ငန်းတွေက အရစ်ကျပြန်လည် ကောက်ခံရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အသေးစား ချေးငွေလုပ်ငန်း ကူညီမှုအသင်းအတွင်းရေးမှူး ဒေါ်ဖြူယမင်းမြတ်က “ တကယ်ထိခိုက်နေတဲ့ ဒီနေရာတွေမှာတော့ နှစ်လအတွင်း အသက်ရူချောင်သွားတယ်ဆိုပေမဲ့ ဒီကဏ္ဍတစ်ခုလုံးစာ ပြန်တွေးရင်တော့ မေးခွန်းတွေ အများကြီးထွက်လာတယ်။ ကျန်တဲ့နယ်တွေကျ မလုပ်ပေးဘူးလားဆိုတာမျိုးဖြစ်လာရင် ဒီလိုမူဝါဒမျိုးကို ထပ်ချဲ့ပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေပါ သုံးနိုင်စွမ်းရှိမရှိ ပေါ့နော် ဒါတွေအရေးကြီးလာမယ်။ ကြပ်တည်းတာတော့ အားလုံးကြပ်တည်းနေကြတာပေါ့။”လို့ ပြောပါတယ်။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေက ရွေ့ဆိုင်းပေးလိုက်ရတဲ့ ဒီနှစ်လစာ ချေးငွေအရင်းနဲ့အတိုးအတွက် မြန်မာ့စီးပွားရေးဘဏ်ကနေ အသေးစား ချေးငွေလုပ်ငန်းတွေကို ချေးငွေသက်တမ်း (၁)နှစ် ဆိုင်းငံ့ကာလ ၆ လဖြစ်တဲ့ အတိုးမဲ့ချေးငွေ ပြန်ထုတ် ချေးပေးသွားမှာဖြစ်ပါတယ်။ ထုတ်ချေးပေးမဲ့ အတိုးမဲ့ချေးငွေ အစီအစဉ်ကိုတော့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။ စိုးချစ်ချစ်ပိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024