Live
Home
မေးမြန်းခန်း
မီဒီယာဥပဒေများနှင့်ပတ်သက်ပြီး စာနယ်ဇင်းကောင်စီ ရှင်းလင်း-မေးမြန်းချက်
ရွှေအောင်
·
July 29, 2013
စာနယ်ဇင်းကောင်စီ(ယာယီ) ဟာ မီဒီယာဥပဒေတွေနဲ့ ပတ်သက်ပြီး အဓိက အချက် ၃ ချက်အတွက် စာနယ်ဇင်းရှင်းလင်းပွဲတရပ်ကို ရန်ကုန်မှာ ဇူလိုင် ၂၈ ရက်နေ့က ပြုလုပ်ပြီး ရှင်းလင်း ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကတင်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ထုတ် ဝေ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးခဲ့ တာတွေ၊ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်မပေးနိုင်တော့တဲ့ အခြေအနေနဲ့ ပြန်ကြားရေးက လွှတ်တော်တင်ဖို့ လုပ်နေတဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်းပါ သဘောမတူနိုင်တဲ့ အချက်အလက်တွေကို စာနယ်ဇင်းကောင်စီထံ ပေးပို့ဖို့နဲ့ အဲဒီအချက်တွေကို ကောင်စီက လွှတ်တော်ထံ ဆက်လက်ပေးပို့သွားမယ့်အကြောင်း မီဒီယာတွေကို အသိပေး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ [caption id="attachment_29984" align="alignleft" width="153" caption="ဦးဇော်သက်ထွေး"][/caption] စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ အမျိုးသား လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါ ပြန်ကြားရေးက တင်ခဲ့တဲ့ ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို ဒီစာနယ်ဇင်းကောင်စီက ကန့်ကွက်ထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သူတို့ဆီက အားရလောက်တဲ့ ဆွေးနွေးမှုမျိုး ရခဲ့သလား။ “အမျိုးသားလွှတ်တော်မှာတော့ အားရလောက်တဲ့ ဆွေးနွေးမှုမျိုး ရခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့က ဒီပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းတခုလုံးကို ကန့်ကွက်တာ မဟုတ်ဘဲနဲ့ အဲဒီ အထဲမှာ ပါတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ခန့်အပ်တဲ့မှတ်ပုံတင်အရာရှိက ထုတ်ဝေခွင့် လိုင်စင်ကိုလည်း ပေးနိုင်တယ်၊ ရုပ်သိမ်းနိုင်တယ်၊ ပြစ်ဒဏ်လည်းပေးနိုင်တဲ့အတွက် အချက် အလက်တွေဟာ ၀န်ကြီးဌာနက တရားလွန် အခွင့်အရေးပေးရာ ကျရောက်တယ်။ ဒါဟာဆိုလို့ ရှိရင် ပြန်ကြားရေးဌာနက မီဒီယာလောကအပေါ်မှာ စိုးမိုးလိုတဲ့ အခန်းကဏ္ဍကို အားပေးရာ ရောက်တယ်ဆိုတဲ့ အချက်အလက်ကို အဓိကထားပြီး ဆွေးနွေးတာပါ။ ဒီအချက်အလက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတခုလုံးက နားလည် လက်ခံတယ်လို့ သဘောပေါက်ပါတယ်။” ကျနော်တို့ အကြမ်းဖျင်းသိထားတာက သူရဦးအေးမြင့် ခေါင်းဆောင်တဲ့ ပြန်ကြား ဆက်ဆံ ကော်မတီရယ်၊ ပြန်ကြားရေးရယ်၊ ဒီစာနယ်ဇင်းကောင်စီရယ် တွေ့ကြပြီး စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်နဲ့ ပတ်သက်ပြီးတော့ သဘောထား ဘယ်လိုမှ ညှိနှိုင်းလို့ မရဘူးလို့ ကျနော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်။ ဒီရှင်းလင်းပွဲမှာ ဘာကို အဓိက တင်ပြတာလဲ။ “ပြည်သူ့လွှတ်တော်က ခေါ်တုန်းကတော့ အဓိက ၁၇ ချက်ကို ရှင်းလင်းရန်ဆိုပြီး ဖိတ်ကြား တာ မဟုတ်ဘူး။ ကျနော်တို့က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သဘောမတူဖြစ်နေတဲ့ အခက်အခဲ တွေကို ဆွေးနွေးမယ်လို့ ထင်တာ။ အခမ်းအနားကို ရောက်သွားတဲ့ အခါကျမှ ပြန်ကြားရေးဝန်ကြီး ဌာနတစု၊ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီက တစု နောက်တခြားကော်မတီတွေက လွှတ်တော်ကိုယ်စားလှယ်တစုနဲ့ ကျနော်တို့ စာနယ်ဇင်းကောင်စီနဲ့ တွေ့ရတာပေါ့။ တွေ့တဲ့အခါမှာ တခြားဟာတွေကို သူတို့ ဘာမှ မပြောတော့ပဲနဲ့ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးနဲ့ ကြားထဲမှာ ကွဲလွဲနေတဲ့ အချက် ၁၇ ချက်ကို ပြင်ပေးနိုင်မလား၊ မပြင်ပေးနိုင်ဘူးလား ဆိုတာ ကျနော်တို့ကို ခေါ်မေးတဲ့သဘောမျိုး ဖြစ်သွားပါတယ်။ ကျနော်တို့ကျတော့ ပြန်ကြားရေး ၀န်ကြီးကနေပြီးတော့ ဆရာတို့ လွတ်လွတ်လပ်လပ် မီဒီယာဥပဒေကို ရေးဆွဲပါ။ ဒီလိုရေးဆွဲပြီးတော့မှ ဒါကို ပြည်သူ့လွှတ်တော်ဆီတင်ပေးမယ်ဆိုတဲ့ စကားအရ ကျနော်တို့ လုပ်ခဲ့တာ ဖြစ်ပါ တယ်။ ပြန်ကြားရေးက ဒါကို အရင် ဆင်ဆာလုပ်ပြီးတော့မှ လွှတ်တော်ကို တင်ပေးမယ်လို့ ကျနော်တို့ နားလည်း သဘောပေါက်မထားပါဘူး။ အဲဒါကြောင့်လည်း ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောပါတယ်။ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ချင်တယ် ဆိုလို့ ရှိရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်တာကို ကျနော်တို့ စာနယ်ဇင်းကောင်စီက လက်ခံပါတယ်၊ နာခံပါတယ်။ ဒါပေမယ့် တခြားလူကနေပြီးတော့ ကြိုတင်ပြီးတော့မှ ဒါကတော့ နိုင်ငံတကာစံနှုန်းနဲ့ မညီဘူး၊ ဒါကတော့ မလိုအပ်ဖူးဆိုတာမျိုး ကြိုလုပ်တာမျိုး ကျနော်တို့က လက်မခံနိုင်ပါဘူးဆိုပြီး တင်ပြခဲ့ပါတယ်။ အဲဒီလို တင်ပြတဲ့အပေါ်မှာ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်က ဒီလိုမျိုး ၁၇ ချက်ကို မပြင်ရင်တော့ ပြန်ကြားရေးဝန်ကြီးအနေနဲ့ကလည်း ဒီဥပဒေကို လွှတ်တော်ကို မတင်ပေးနိုင်ဘူး။ တကယ်လို့ လွှတ်တော်ကို တခြားတနေရာကနေ တင်ပေးခဲ့ရင်လည်း ဒီဟာကို မရရအောင် ကျနော်တို့  တိုက်ဖျက်သွားမယ်လို့ ပြောဆိုတာမျိုး ရှိပါတယ်။” ဒီနေ့ ရှင်းလင်းတဲ့အချက်ထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ ဒီ အများပြည်သူဝန်ဆောင်မှု ပြန်ကြားရေးက ရေးဆွဲမယ့်ဥပဒေကြမ်းနဲ့ ပတ်သက်လို့ စာနယ်ဇင်း ကောင်စီက ဘာသဘောထား ထုတ်ပြန်ထားပါသလဲ။ “ကျနော်တို့ လွှတ်တော်ကို တခါတည်းပြောလိုက်ပါတယ်။ ပြန်ကြားရေးက ဆက်လက် ပြီးတော့ တင်သွင်းရေးဆွဲမယ် ဥပဒေပေါင်း မြောက်များစွာ ရှိပါသေးတယ်တဲ့။ ဘာဥပဒေလဲ ဆိုတော့ ကျနော်တို့ အသံလွှင့်မီဒီယာ ဥပဒေတွေရှိတယ်၊ ရုပ်ရှင် ဥပဒေတွေရှိတယ်၊ နောက်ပြီးတော့ ကျနော်တို့ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒေတွေရှိသေးတယ်ဆိုတော့ ပြန်ကြားရေးဌာနက ရေးဆွဲပြီးတော့  တင်မယ့် ဥပဒေတွေက များမှများပဲ၊ အများကြီးရှိနေပါသေးတယ်။ အဲဒီအထဲက နောက်ထပ် ဆက်လက် တင်မယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အားနည်းချက်တွေ ရှိခဲ့ရင် စာနယ်ဇင်းကောင်စီနဲ့ မီဒီယာလောကသားတွေက ဝေဖန်ထောက်ပြဖို့အတွက်ကို လွှတ်တော်ကို ပေးပို့ပါလို့ ကျနော်တို့ အမှာစကားပါးလိုက်ပါတယ်။ ဒါကြောင့် ဒီနေ့မီဒီယာတွေကို အသိပေးပြီးတော့ စာနယ်ဇင်းကောင်စီကို အများပြည်သူဝန်ဆောင်မှု မီဒီယာဥပေဒေနဲ့ ပတ်သက်ပြီးတော့ အားနည်းချက်တွေကို ပေးပါ။ ဒါကို စုစည်းပြီးတော့မှ ကျနော်တို့က လွှတ်တော်နှစ်ရပ်လုံးကို ပေးပို့မယ်ဆိုတဲ့ ဟာကို အသိပေးရတာပါ။ ဘာလို့လဲဆိုတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာနဲ့ ပတ်သက်ပြီးတော့ သူက အသံလွှင့်မီဒီယာရော၊ ပုံနှိပ်ထုတ်ဝေတာရောကို တပြိုင်တည်းလုပ်ကိုင်ခွင့် ရှိတယ်။ နောက်တခါ လုပ်ကိုင်တဲ့ နေရာမှာလည်း နိုင်ငံတော်အစိုးရရဲ့ဘတ်ဂျက်ထဲကနေပြီးတော့ ၇၀ ရာခိုင်နှုန်း အသုံးပြုလို့ရတယ်။ ပြီးတော့ လုပ်ကိုင်မယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာကိုလည်း နာမည် တခါတည်းပေးပြီးသား မြန်မာ့အသံရယ်၊ အသံလွှင့်ဌာနရယ်၊ နောက်တခုက ကြေးမုံနဲ့ မြန်မာ့အလင်း တခါတည်း ကန့်သတ်ပြီးသားဆိုတော့ ကျန်တဲ့တိုင်း၊ ပြည်နယ်နဲ့ တခြားဒေသတွေက လူမျိုးစုတွေကရော အများပြည်သူဝန်ဆောင်မှု မီဒီယာကို လုပ်ခွင့်မရှိ ဘူးလားဆိုတာမျိုး ကျနော်တို့မှာ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က အမြန်ဆုံး စုစည်းပြီးတော့ လွှတ်တော်ကို ဝေဖန်ထောက်ပြပေးသွားမှာ ဖြစ်ပါတယ်။” ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၆ ကြိမ်မြောက်လွှတ်တော်ထဲ ပြန်ကြားရေးက တင်ခဲ့ ပြီး ဒီဥပဒေကြမ်းပါအချက်တချို့ကို စာနယ်ဇင်းသမားတွေက ၀ိုင်းဝန်းကန့်ကွက်နေတဲ့ကြားက အခုလထဲမှာပဲ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ တခါ ပြန်ကြားရေးက ရေးဆွဲစေလို့ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲတင်လိုက်တဲ့ သတင်းမီဒီယာဥပဒေကြမ်းပါ အချက် ၁၇ ချက်နဲ့ ပတ်သက်ပြီး ကောင်စီနဲ့ ပြန်ကြားရေး သဘောထားကွဲပြီး ပြန်ကြားရေးက လွှတ်တော် တင်မပေးတော့ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။တချိန်တည်းမှာပဲ ပြန်ကြားရေးဝန်ကြီးဌာနဟာ အများပြည်သူဝန်ဆောင်မှုဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ စိုင်းပြင်းနေတာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024