တောင်ဥက္ကလာပ ဆေးရုံတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးခဲ့သည့် လူနာများပျောက်ကင်း
ပိုင်စိုး
·
October 28, 2020
တောင်ဥက္ကလာပ ကိုဗစ်အထူးကုသရေးဆေးရုံမှာ သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့တဲ့ လူနာ အယောက် ၃၀ ထဲမှာ ၂၅ ယောက်က သက်သာပျောက်ကင်းပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပါမောက္ခဒေါက်တာမိုးမိုးစန်းက ပြောပါတယ်။
ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ အမေးအဖြေကဏ္ဍမှာ ပြောခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေဟာ ရောဂါ လက္ခဏာ ဆိုးရွားသူတွေဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ကိုဗစ်-၁၉ လူနာတွေကို ရောဂါပြန်ကောင်းသွားသူတွေရဲ့ သွေးရည်ကြည်သွင်းပြီး ကုသတာကို အကြံပေးအဖွဲ့ ဖွဲ့စည်းပြီး ဦးဆောင်ကုသပေးနေတာ ဖြစ်ပါတယ်။
ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)က ပါမောက္ခဒေါက်တာမိုးမိုးစန်းက “အခု ကျမ အလုပ်လုပ်နေတဲ့ တောင်ဥက္ကလာပ ကိုဗစ်အထူးကုသရေးဆေးရုံမှာ သွေးရည်ကြည်ကုထုံးနဲ့ လူနာ ၃၀ ကို အောင်အောင်မြင်မြင် ကုသပေးပြီးနေပါပြီ။ များသောအားဖြင့် သွေးရည်ကြည် ၂ ထုပ်လိုတဲ့ လူနာတွေ ရှိပါတယ်။ တချို့ သိပ်မဆိုးတဲ့ လူနာတွေက ၁ ထုပ်၊ သိပ်ဆိုးတဲ့လူနာတွေက ၃ ထုပ်အထိ ပေးထားရပါတယ်။ အဲဒီမှာ ၂၅ ယောက်က သက်သာပျောက်ကင်းပြီး အဲဒီအထဲက တဝက်လောက်က နေအိမ်ကို ပြန်ပြီးဆင်းသွားနိုင်ပါပြီ။ အဲဒီအထဲမှာမှ ၅ ယောက်က ဆုံးပါးသွားတဲ့ အခြေအနေတွေရှိပါတယ်။ ရောဂါလက္ခဏာ ဆိုးရွားတဲ့လူတွေပေါ့နော်” လို့ ပြောပါတယ်။
ကိုဗစ်လူနာတွေကို သွေးရည်ကြည်နဲ့ ကုသနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက သွေးရည်ကြည် အလှူခံနေတာလည်း ရှိပါတယ်။ သွေးရည်ကြည်လှူတဲ့သူတွေအနေနဲ့ ကိုယ်ခံစွမ်းအားလျော့သွားတာ မဖြစ်သလို ဆိုးကျိုးခံရတာ လည်း မရှိဘူးလို့ ဒေါက်တာမိုးမိုးစန်းက ပြောပါတယ်။
“သွေးနီဥတွေကို အလှူရှင်ဆီပြန်ထည့်ပေးလိုက်တဲ့အတွက်ကြောင့် သွေးအားနည်းခြင်းလည်း မဖြစ်နိုင်ပါဘူး။ Antibody (ကိုယ်ခံစွမ်းအား)တွေက လူ့ခန္ဓာကိုယ်ထဲက ထုတ်လုပ်တာဖြစ်တဲ့ အတွက်ကြောင့် လှူဒါန်းလို့ကုန်သွားတဲ့ Antibody တွေကို ပြန်ထုတ်ပေးနိုင်တဲ့အတွက်ကြောင့် ကုန်သွားတာမရှိနိုင်ပါဘူး။ ခန္ဓာကိုယ်က ပြန်ထုတ်နိုင်ပါတယ်။ ဒါကြောင့် ရောဂါကူးစက်နိုင်ခြေ ပိုများသွားတာလည်း မရှိနိုင်ပါဘူး။ ယခုအချိန်အထိ အလှူရှင်ပေါင်း ၁၅၀ ထံကနေ သွေးရည်ကြည်ကို အလှူခံပြီးဖြစ်ပါတယ်။ အဲဒီမှာ ဆိုးကျိုးခံစားရတဲ့ အလှူရှင်တဦးတယောက်မှ ကျမတို့ မတွေ့ရှိရသေးပါဘူး”
သွေးရည်ကြည်အလှူရှင်တွေကို မလှူခင်မှာ ကျန်းမာရေးစစ်ဆေးတာတွေလုပ်ပြီး သင့်တော်ကျန်းမာတဲ့ သူတွေကပဲ လှူနိုင်တာဖြစ်လို့ ဆိုးကျိုးဖြစ်နိုင်ခြေ အင်မတန်နည်းတယ်လို့ လည်း သူက ပြောပါတယ်။
ရောဂါဖြစ်ပြီးသူတွေ ရောဂါလက္ခဏာပျောက်ပြီး အနည်းဆုံး ၂၈ ရက်အကြာမှာ သွေးရည်ကြည် လှူဒါန်းလို့ ရပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်း တကြိမ်စီနဲ့ စုစုပေါင်း ၃ ကြိမ်အထိ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
တကြိမ်လှူဒါန်းရင် သွေးရည်ကြည် 400 cc ကနေ 600 cc အထိ ထုတ်ယူရနိုင်တာကြောင့် အလှူရှင်တယောက် တကြိမ်လှူရင် လူနာ ၂ ယောက်ကနေ ၃ ယောက်အထိ ကုသပေးနိုင်တာ ဖြစ်ပါတယ်။