Home
မြန်မာသတင်း
ဝါရီကောခူ အထက(ခွဲ) ဝင်းရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ပြောင်းပေးရန် တောင်းဆို
နော်နိုရင်း
·
October 28, 2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင်ရှိ ဝါရီကောခူ အထက(ခွဲ)ကျောင်းဝင်းမှာ  ဖွင့်လှစ်ထားတဲ့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို အမြန်ဆုံးရွှေ့ပြောင်းပေးဖို့ ဒေသခံ ရွာသူရွာသားတွေက တောင်းဆိုလိုက်ပါတယ်။ ကုန်းသားကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာအတွင်းရှိ အထက(ခွဲ)ကျောင်းဝင်းမှာ ဖွင့်လှစ်ထားတဲ့ ကုန်တင်ယာရပ်နားစခန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြု လူနာတွေ့ရှိမှုအပေါ် ကျေးရွာနေလူထုတွေက စိုးရိမ်တဲ့အတွက် ဒီယာဉ်ရပ်နားစခန်းကို ရွှေ့ပြောင်းပေးဖို့အပါအဝင် အချက် ၅ ချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အဆိုပါယာဉ်ရပ်နားစခန်းဟာ ဝါရီကောခူနဲ့ ပီကင်းကောခူ ကျေးရွာ နှစ်ရွာအကြားမှာ ရှိပြီး ရွာခံ လက်လုပ်လက်စား တောင်သူတွေ ယာဉ်ကြောပိတ်ဆို့တာ၊ အဟန့်အတားဖြစ်စေတာနဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ များပြားတဲ့အတွက် ကပ်ရောဂါကူးစက်ခံရမှာကို အလွန်စိုးရိမ်နေရတယ်လို့ ရွာသားတွေက ထုတ်ပြန်ထားပါတယ်။ ပီကင်းကောခူကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ကျော်ဌေးက “အခုက ရွာလယ်လည်းဖြစ်နေတော့၊ ရွာမှာလည်း ဆိုင်တွေရှိနေကြတယ်။ အခုကားသမားတွေက အပြင်မှာထွက်ပြီး စားသောက်နေကြတယ်။ ဆေးလိပ်ဝယ်ကြတယ်။ ညအချိန် ကျောင်းဝင်းထဲမှာ မအိပ်ဘဲနဲ့ ကျောင်းပြင်မှာလည်း အိပ်နေတဲ့ အနေအထားလည်း တွေ့ရတယ်။ နောက်ပြီးတော့ အပိုင်းက ကျနော်တို့ကလေးတွေက အပြင်မှာထွက်နေကြတယ်။ ဆိုတော့ ပိုပြီးမှ ကြောက်လာကြတယ်။ နောက်ပြီးမှ ကလေးခိုးမှုလည်း စိုးရိမ်ကြတဲ့ အနေအထားရှိနေတယ်။ ” ရွာတွင်းမှာ လူနေထူထပ်ပြီး ကလေးတွေများတဲ့အတွက် တစ်ယောက်မှာ ရောဂါကူးပါက တရွာလုံး ကူးစက်ခံရနိုင်တဲ့ အနေအထားမှာရှိတဲ့အတွက် စိုးရိမ်ပူပန်နေကြတာလို့ ပြောပါတယ်။ ဒါ့အပြင် ဒီယာယီကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ပတ်သက်ပြီး ကျေးရွာနေပြည်သူတွေရဲ့ သဘောထားတောင်ခံမှုတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ပြည်နယ်အစိုးရက လုပ်ဆောင်နေတဲ့အပေါ် ကျေးရွာပြည်သူတွေနဲ့ အမြန်ဆုံး လာရောက်ညှိနှိုင်းဖြေရှင်း ရွှေ့ပြောင်းဖို့လည်း တောင်းဆိုထားပါတယ်။ ယာယီယာဉ်ရပ်နားစခန်း စဖွင့်ပြီးနောက်ပိုင်း ရောဂါကူးစက်မှာကို စိုးရိမ်တဲ့အတွက် ရွာသားတွေက ပြောင်းရွှေ့ပေးဖို့ မြို့နယ်တာဝန်ရှိသူတွေအပြင် အောက်တိုဘာ ၁၅ ရက်နေ့က ယာယီဝန်ကြီးချုပ် ဦးဘော့စ်ကိုဆီ သွားရောက်တွေ့ဆုံပြီး ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း ဦးအောင်ကျော်ဌေးက ပြောပါတယ်။ “အဲဒီဟာကို ရွှေ့ပြောင်းပေးဖို့ရယ်၊ ကျနော်တို့ရဲ့ ရွာ ၂ ရွာမှာ စိုးရိမ်စိတ်ရှိနေတဲ့အကြောင်း တင်ပြပေမယ့်လည်း ဝန်ကြီးချုပ်အနေနဲ့ ဗဟိုရဲ့ညွှန်ကြားချက်နဲ့ ရှိနေတဲ့အတွက်ကြောင့် လုပ်ဆောင်လို့ အဆင်မပြေဘူး အဲလိုမျိုးဖြစ်နေတယ်။” ဒါကြောင့် ရွာသားတွေအနေနဲ့ ယာယီယာဉ်ရပ်နားစခန်းနဲ့ ပတ်သက်ပြီး အမြန်းဆုံးလာရောက် ညှိနှိုင်းပြောင်းရွေ့ပေးဖို့နဲ့ ဖြေရှင်းခြင်းမရှိပါက ကျေးရွာနေပြည်သူအနေနဲ့ မိမိတို့ သဘောထားတွေကို ဖော်ထုတ်ပြီး ဖယ်ရှားသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကယားပြည်နယ်မှာ ပြည်နယ် ပြင်ပပြေးဆွဲနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်တွေကို ယာယီရပ်နားထားပြီး ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး ကုန်တင်ယာဉ်တွေကို ဝါရီကောခူ အထက ခွဲမှာ ရပ်နားစေပြီး ကုန်စည်သယ်ယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကုန်တင်ယာဉ်ရပ်နားစခန်းကို အရင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမဲ့ အောက်တိုဘာ ၉ ရက်နေ့ကစပြီး ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့အဝင် ဝါရီကောခူကျေးရွာ၊ အထက(ခွဲ) ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024