Home
ဆောင်းပါး
Any Questions? မန္တလေးတိုင်းအစီအစဉ် (ဒုတိယပိုင်း) 
DVB
·
October 28, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  မန္တလေးတိုင်းအစီအစဉ် ဒုတိယပိုင်း  ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ကျမ နေရီရီနဲ့အတူ နွယ်နီတင်မောင်နဲ့ ဦးနေဇော်နိုင်တို့က တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ မြန်မာပြည်သူတွေအတွက်ကတော့ နေပြည်တော်လို့ပြောရင် မန္တလေးရွှေမြို့တော်ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ သေချာတွက်စစ်ကြည့်တော့လည်း ပုဂံ၊ စစ်ကိုင်း၊ မြင်စိုင်း၊ ပင်းယ၊ မက္ခရာ၊ အင်းဝ၊ ရွှေဘို၊ အမရပူရဆိုတဲ့ မြန်မာမင်းများ နန်းစိုက်ခဲ့ရာမြို့တော်များဟာလည်း မန္တလေးနေပြည်တော်ရဲ့ ပတ်လည်တခိုမှာ အခြေစိုက်ခဲ့ကြတာ။ စစ်ကိုင်းမြို့ကတော့ တချိန်က ဇေယျာပူရလို့ခေါ်တဲ့ မင်းနေပြည်တော်ဖြစ်ခဲ့တယ်။ ပုဂံအပျက်မှာ ရှမ်းညီနောင်သုံးဦးရဲ့ အဆက်အနွယ်ဖြစ်တဲ့ အသင်္ခယာစောယွန်း နန်းစိုက်ခဲ့ရာမြို့၊ မန္တလေးမြို့ရဲ့ တဖက်ကမ်းမှာရှိတာပေါ့။ အခုတော့ တံတားနှစ်စင်းနဲ့ တဆက်တည်း ဖြစ်နေပါပြီ။ စစ်ကိုင်းကနေ ရှေ့ဆက်သွားရင် ရတနာသိင်္ဃပြည် ရွှေဘိုကိုရောက်ရဲ့။ ကုန်းဘောင်မင်းဆက် အစပါပဲ။ စစ်ကိုင်းမြို့ရဲ့ တဖက်မှာတော့ ဗမာဘုရင်တို့ ထီးနန်းစိုက်ခဲ့ရာ အင်းဝမြို့ဟောင်း ရှိနေပါတယ်။ အင်းဝမင်းဆက်၊ ညောင်ရမ်းမင်းဆက်နဲ့ ကုန်းဘောင်မင်းဆက်ဆိုပြီး မင်းဆက်သုံးဆက်တိုင်တိုင် ထီးနန်းစိုက်ခဲ့ရာမြို့ပေါ့။ သတိုးမင်းဖျားက အစပြုပြီး ကုန်းဘောင်ဆက်ဖြစ်တဲ့ ဘကြီးတော် လက်ထက်အထိပါပဲ။ အခုတော့ တံတားဦးမြို့နယ်ထဲမှာပါ။ နန်းတော်ရာတွေ၊ မယ်နုအုတ်ကျောင်းတော်ကြီး၊ နန်းမြင့်မျှော်စင်၊ ဆင်းကျုံးခံတပ်၊ ကြောင်လိမ်ဝင်္ဂဘာ ဘုရားတို့ကို ဒီကနေ့တိုင် ဖူးမြော်နိုင်ပါသေးတယ်။ ထီးလှိုင်ရှင်ဘုရားကုန်းကတော့ အင်းဝမတိုင်မီ နှစ်ပေါင်း ၃၀၀ လောက်ကတည်းက ရှိခဲ့တာလို့ ဆိုပါတယ်။ ညောင်ရမ်းခေတ် ရှေးဟောင်းအဆောက်အအုံတွေကိုလည်း တွေ့နိုင်ပါတယ်။ မြို့သက်တမ်းဟာ နှစ်ပေါင်း ၆၅၆ နှစ် ပြည့်ခဲ့ပါပြီ။ အမေ့လျော့ခံ မင်းနေပြည်တော်ဟောင်း တစ်ခုပါပဲ။ တံတားဦးလေဆိပ်နဲ့ မနီးမဝေးမှာ တစ်စီးရှင်သီဟသူက ဝိဇယပူရလို့ခေါ်တဲ့ ပင်းယမြို့ဟောင်း ရှိပါတယ်။ သော်တာလှ ပင်းယမြို့တည်ဆိုပြီး သက္ကရာဇ် ၆၇၄ ကို မှတ်တမ်းပြုထားလေရဲ့။ ပင်းယနဲ့ အင်းဝတို့က ရန်ကုန်မန္တလေး အမြန်လမ်းမကြီးရဲ့ တဖက်တချက်စီမှာ တည်ရှိနေပါတယ်။ ရှမ်းညီနောင်သုံးဦးထဲက သားကြီးဖြစ်တဲ့ အင်္သခယာတည်ခဲ့တဲ့ မြင်စိုင်းမြို့ဟာလည်း တချိန်ကတော့ ကာချင်းတွေနဲ့ ဓားထက်ခဲ့ရာ၊ သြဇာကြီးရာ မင်းနေပြည်တော်ပေါ့။ အခုတော့ ကင်ပုန်းပွင့်တို့လည်း မချီနိုင်တော့၊ သင်းခွေပန်းတို့လည်း မလန်းတော့၊ ပန်းခွာညို မပွင့်နိုင်တော့ဘဲ၊ ရွာသိမ်ရွာငယ်မျှသာရှိတော့တယ်။ ဒီလိုပဲ မက္ခရာမြို့ဟာလည်း တချိန်က မင်းနေပြည်တော် ဖြစ်ခဲ့တာပေါ့။ အခုတော့ အိမ်ခြေတစ်ရာပင် မပြည့်တဲ့ ဇနပုဒ်မျှသာ ဖြစ်ပေမယ့် လေ့လာစရာ ယဉ်ကျေးမှု အမွေအနှစ်တွေတော့ အခုတိုင် ကျန်ရှိနေပါသေးတယ်။ အမရပူရဆိုတာ တချိန်ကတော့ ကြီးကျယ်စည်ကား သိုက်မြိုက်ခဲ့ရာ မင်းနေပြည်တော်တစ်ခုပေါ့။ အခုတော့ မန္တလေးနဲ့ တဆက်တည်းဖြစ်နေပါပြီ။ သက္ကရာဇ် ၁၁၄၄ မှာ ပဒုံမင်းတည်ခဲ့တာ။ အင်းအိုင်ပတ်လည် မြို့သစ်တည်ဆိုတဲ့ စကားအတိုင်း ဝန်းကျင်တခိုမှာတော့ ဇောင်ကလော၊ အောင်ပင်လယ်နဲ့ တောင်သမန်အင်းတို့ ပတ်လည်ဝိုင်းလို့။ လည်ပတ်စရာ ယဉ်ကျေးမှုနယ်မြေတွေကလည်း အများသား။ ဦးပိန်တံတားကတော့ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားကြီးတစ်စင်းပေါ့။ ဒါကတော့ ကျနော်တို့ Any Questions? အဖွဲ့သားတွေ စုဆောင်းပြီးတော့ တင်ပြထားတဲ့ မန္တလေးပုံရိပ် အပိုင်း ၂ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ ဒီကာလအတွင်းမှာ ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းကလည်း ပြင်းသလို၊ မြို့တိုင်းမြို့တိုင်းလိုလိုမှာ ကူးစက်မှုတွေ ရှိတဲ့အခါ ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံဆိုရင် စက်တင်ဘာလစကတည်းကနေပြီးတော့ ကျနော်တို့ရုံးရဲ့ ဝန်ထမ်းဦးရေတွေကို ခွဲထုတ်ပြီးတော့ တချို့က ရုံးမှာ ကျနော်တို့ ဘာသာကျနော်တို့ လော့ဒေါင်းလုပ်ပြီးတော့ အလုပ်လုပ်ရတယ်။ တချို့ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံ ဝန်ထမ်းတချို့က အိမ်ကနေ အလုပ်လုပ်ရပါတယ်။ ဒါ့ကြောင့် Any Questions? အစီအစဉ်ဟာ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် သုံးခုမှာ ပါဝင်တင်ဆက်သူအဖြစ် ပါဝင်လာတဲ့ နွယ်နီတင်မောင်က အခုကျတော့ ရုံးမှာမနေရဘဲနဲ့ အိမ်ကနေအလုပ်လုပ်ပေးရပါတယ်။ အဲဒီတော့ အခု နွယ်နီတင်မောင်ဆီမှာလည်း စာနဲ့မေးမြန်းထားတဲ့ မေးခွန်းတချို့ ရှိပါတယ်။ အဲဒီတော့ နွယ်နီရေ နွယ်နီ့ဆီမှာရှိတဲ့ စာနဲ့မေးထားတဲ့ မေးခွန်းလေးတွေကို အိမ်ကနေပဲ လှမ်းပြီးတော့ မေးပေးပါဦး။ ဟုတ်ကဲ့ပါရှင်။ နွယ်နီတို့အစီအစဉ်မှာ တိုက်ရိုက်မေးရတဲ့ အစီအစဉ်တွေလည်း ပါသလို၊ စာနဲ့ပို့ထားတဲ့ စာလေးတွေကို ဖတ်ပြပေးတဲ့ အစီအစဉ်တွေလည်း ပါတယ်ပေါ့နော်။ အဲဒီတော့ ပထမဆုံးဖတ်ပြပေးချင်တာကတော့ ဇင်ပြည့်ဖြိုးသူ ပေးပို့ထားတဲ့ စာလေးတစ်ခုပေါ့နော်။ မေး။ ။ USDP ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် မန္တလေးတိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေ၊ ခိုးမှုတွေ၊ လုယက်မှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ လျော့ပါးသွားစေဖို့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ပေးဖို့ မျှော်မှန်းထားပါသလဲ။ သူကတော့ USDP ပါတီကို မေးထားတဲ့အတွက် USDP ပါတီက ပြန်ဖြေပေးပါဦးရှင့်။ ဖြေ။ ။ သူမေးထားတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျမတို့ ပါတီကနေချမှတ်ထားတဲ့အတိုင်း ပြည်သူ့အတွက် အာမခံချက်တွေက ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ ဘာလဲဆိုတော့ လက်ရှိ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်တဲ့အပြင်၊ တကယ်လို့သာ ကျမတို့ပါတီ အနိုင်ရခဲ့မယ် ဆိုလို့ရှိရင်လည်း ကျမတို့တွေက ဒီထက်မကသော အစီအစဉ်တွေကို ဆောင်ရွက်သွားဖို့ အသင့်ဖြစ်ပါတယ်။ အဓိကကတော့ ကျမတို့တတွေ ကြုံတွေ့နေရတဲ့ အချက်ကဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျမတို့ဆိုရင်လည်း မန္တလေးမြို့ပေါ်ဆိုရင် အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် ညနေ ၆ နာရီနောက်ပိုင်းဆိုရင် တစ်ယောက်တည်း မသွားရဲလောက်အောင် အခြေအနေလေးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေးအတွက်ကို လက်ရှိ ဆောင်ရွက်နေတာထက် ပိုပြီးတော့ ဆောင်ရွက်ဖို့လည်း အစီအစဉ်တွေ ချထားပြီး ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ နောက်ထပ်တစ်ယောက် ပေးပို့ထားတဲ့ စာလေးကိုလည်း ဖတ်ပြပေးချင်ပါတယ်ရှင့်။ သူကတော့ ပျော်ဘွယ်က ဖြစ်ပါတယ်ရှင့်။ ပြည့်ဖြိုးသူက ပေးပို့ထားတာပါ။ မေး။ ။ ပြည်သူ့အတွက် အကျိုးမရှိတဲ့ဥပဒေတွေက ဘာတွေလဲ။ ဘယ်လိုဥပဒေတွေကို ပြင်ဆင်ပေးမှာလဲ။ သူက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို မေးထားတာပါ။ ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။ ။ ဟုတ်ကဲ့ပါဗျ။ ပြည်သူ့အတွက် အကျိုးမရှိတဲ့ ဘယ်လိုဥပဒေတွေကို ကျနော်တို့ ပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာကတော့ ပထမတစ်ချက် ပြောချင်တာကတော့ ကျနော့်အနေအထားပေါ့လေ၊ ကျနော်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတာ တိုင်းဒေသကြီးလွှတ်တော် ဖြစ်နေတဲ့အခါကျတော့ ဥပဒေတော်တော်များများက ဒီတိုင်းဒေသကြီး အဆင့်ကနေပြီးတော့ ပြဌာန်းဖို့၊ ပယ်ဖျက်ဖို့ ဆိုတာကတော့ နည်းနည်းလေး အခက်အခဲရှိတာပေါ့။ ဒါပေမယ့် ပါတီတစ်ခုလုံးအနေနဲ့ ခြုံပြီးတော့ ပြောရင်တော့ ရတာပေါ့နော်။ ပါတီအနေနဲ့ကတော့ ကျနော်တို့ ပြည်သူတွေကို တကယ်ထိခိုက်နစ်နာစေတဲ့၊ ပြည်သူတွေကို ဖိနှိပ်နေတယ်လို့ ကျနော်တို့ယူဆတဲ့ ဥပဒေတွေကို ကျနော်တို့ ဖျက်သိမ်းသွားဖို့၊ ပြင်ဆင်သွားဖို့ ကျနော်တို့ သံန္နိဋ္ဌာန်ချထားတာရှိတယ်။ အဲဒီတော့ အဓိကအားဖြင့် ဘယ်လိုဥပဒေတွေမျိုးလဲဆိုရင် ကျနော်တို့ ပင်မအနေနဲ့ပြောရရင်တော့ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖြန့်ဝေခွင့် ဒါတွေကို ထိခိုက်နေတဲ့ ဥပဒေတွေကို ကျနော်တို့က ပြင်ဆင်ဖျက်သိမ်းဖို့ စဉ်းစားထားပါတယ်။ ဥပမာအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့ အသင်းအဖွဲ့မှတ်ပုံတင်လို ဥပဒေမျိုးဆိုရင် ကျနော်တို့ပါတီ အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတယ်။ နောက်တစ်ခုက အခုလတ်တလောမှာ ကျောင်းသားတွေ၊ တောင်သူတွေ၊ တခြားနိုင်ငံရေးလှုပ်ရှားသူတွေကို အဲဒီလိုဥပဒေတွေနဲ့ တရားစွဲထားတာတွေ ရှိတယ်။ ဘာတွေလဲဆိုတော့ ပုဒ်မ (၁၉) တို့၊ ငြိမ်းစုစီ ဥပဒေပေါ့နော်။ အဲဒီလိုဥပဒေတွေကလည်း ကျနော်တို့၊ ငြိမ်းစုစီဥပဒေကလည်း မလိုအပ်ဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်တဲ့ ဥပဒေလို့ ကျနော်တို့က ယူဆတယ်။ နောက် ၅၀၅ (ခ)၊ ၅၀၅ (က) လို ပုဒ်မတွေလိုမျိုး၊ နောက် မတရားသင်းဆက်သွယ်မှုတွေနဲ့ ပတ်သက်တဲ့ ၁၇ (၁)၊ ၁၇ (၂)၊ ဒီလိုပုဒ်မတွေ၊ နောက်တစ်ခုက ၆၆ (ဃ) လိုမျိုးပုဒ်မတွေ၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေပုဒ်မတွေလည်း ကျနော်တို့ ပြင်ဆင်ဖို့ လိုအပ်တာတွေရှိတယ်။ နောက် ၁၉၈၂၊ နိုင်ငံသားဖြစ်မှု ဥပဒေမှာလည်း ကျနော်တို့ အားနည်းချက်တွေ အများကြီးရှိတဲ့အခါမှာ အဲဒါလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါတွေက အားလုံးဟာ ခြုံပြီးပြောမယ်ဆိုရင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားဖြန့်ချိခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ အဲဒီဟာတွေကို ထိခိုက်နေတဲ့ ဥပဒေတွေကို ကျနော်တို့က ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ ကျနော်တို့မှာ သန္နိဋ္ဌာန် ချထားပါတယ်။ ဟုတ်ကဲ့ပါရှင်၊ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ နောက်ထပ်တစ်ယောက်ကတော့ နွားထိုးကြီးက နိုင်ရဲထက်ကနေ ပေးပို့ထားတာပါ။ မေး။ ။ ၈၈ မျိုးဆက်ပါတီတစ်ခုအနေနဲ့ လူထုကြားမှာ ဒီမိုကရေစီကို ပထမဆုံး သိအောင်လုပ်ခဲ့တာနဲ့ အညီ အခုအချိန်မှာ ပိုရှင်သန်နိုင်ဖို့အတွက် ပါတီနိုင်ငံရေးလမ်းကြောင်းကို ရွေးခဲ့တာလား။ သူကတော့ ပြည်သူ့ပါတီကို မေးထားတဲ့အတွက် ပြည်သူ့ပါတီက တာဝန်ရှိတဲ့သူ ဖြေပေးပါဦးရှင့်။ ဖြေ။ ။ ကျနော်တို့ပြည်သူ့ပါတီ အနေနဲ့ပေါ့ဗျာ၊ နိုင်ငံရေးကို တစိုက်မတ်မတ်နဲ့ ဆောင်ရွက်ဖို့ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကနေ စပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက် ကျနော်တို့နိုင်ငံဟာ တကယ်ဒီမိုကရေစီစနစ်ကို သွားနေတဲ့အခါမှာ ပြည့်ပြည့်စုံစုံ ရနေပြီလား။ ဆိုတော့ ကျနော်တို့တွေက နိုင်ငံရေးပါတီတစ်ခု ထူထောင်ပြီးမှသာလျှင် ပြည်သူလူထု လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်စနစ်ကို အရောက်သွားဖို့အတွက် ကျနော်တို့က ပါတီဖွဲ့ပြီးတော့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုလိုချင်တဲ့၊ ကျနော်တို့အားလုံး တောင့်တနေတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကို ရောက်ဖို့အတွက် ကျနော်တို့ အားကြိုးမာန်တက်နဲ့ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ထပ်တစ်ယောက်ကတော့ မောင်လေးအုပ်စိုးအောင်ပါ။ သူကတော့ သာစည်ကပါရှင့်။ သူမေးထားတဲ့မေးခွန်းကတော့ …။ မေး။ ။ ရေအရင်းအမြစ်ကြီးတဲ့ ဒီကမ္ဘာမှာ ရှားရှားပါးပါးရှိတဲ့ ဧရာဝတီမြစ်ကြီးရှိပါလျှက်နဲ့ ဘာလို့ ရေရှားပါးမှု များနေရတာလဲ။ အဲလိုရေရှားပါးမှုတွေကို အာဏာရလာမယ်ဆိုရင် ဒီရေအရင်းအမြစ်ကို အသုံးချပြီးတော့ ရေမရှားအောင်ဘယ်လိုစီမံဖို့ရှိပါသလဲ။ ဒါ USDP ကို မေးထားတာပါရှင့်။ ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။ ။ မေးခွန်းကောင်းပါတယ်။ ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင်တော့ ကျမတို့က ဧရာဝတီမြစ်ရယ်မှ မဟုတ်ပါဘူး။ အဓိကက မြန်မာပြည်မှာဆိုရင် မြစ်ကြီးလေးစင်းရှိတယ်ပေါ့နော်။ သံလွင်၊ စစ်တောင်း အပါအဝင် မြစ်ကြီးလေးစင်းရှိတဲ့နေရာမှာ ဧရာဝတီမြစ်ကတော့ မြန်မာပြည်မြောက်ပိုင်းကနေ တောင်ပိုင်းအထိ စီးဆင်းနေတယ်။ ဒီလိုဆင်းတဲ့နေရာမှာ ပြောချင်တာကတော့ နွေရာသီမှာကတော့ နွေရာသီရဲ့ သဘောသဘာဝအရ ပူပြင်းတဲ့အတွက် ဘယ်လောက်ပဲ ရေတွေပေါများနေပါစေ ရေရှားပါးမှုကတော့၊ ဒါကတော့ သဘာဝအလျောက် ဖြစ်ကုန်တာတွေ ရှိပါတယ်။ သို့သော်လည်းပဲ ကျမတို့အဓိကထားရမှာက အဓိကက ရေလှောင်တမံတွေ၊ ကျမတို့နိုင်ငံမှာဆိုရင် ရေလှောင်တမံတွေ ရှိပါတယ်။ ဒီရေလှောင်တမံတွေကနေပြီးတော့မှ ရေတွေသိုလှောင်ပြီးတော့မှ ထိန်းသိမ်းထားမယ် ဆိုရင်တော့ ရေရှားပါးမှု ပြဿနာတွေ ဖြေရှင်းလို့ရမယ်။ နောက်တစ်ခါ အဓိကကတော့ ကျမတို့နိုင်ငံမှာဆိုရင် ရေရှားပါးရာဒေသဆိုရင် ဒီလို အညာအရပ်ပဲ ဖြစ်ပါတယ်။ ဒီအညာအရပ်မှာဆိုရင်လည်း အဓိကက ပုဂံ၊ ညောင်ဦးဘက်တွေမှာဆိုရင် စက်ရေတွင်းတွေ တူးလို့ရပါတယ်။ တကယ်လို့ ဒီလိုတူးတဲ့နေရာမှာလည်း အဓိကကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက လုပ်တဲ့၊ စည်ပင်သာယာရေးရာ ဝန်ကြီးဌာနကနေပြီးတော့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါရှင့်။ အခုလိုမျိုး ဖြေကြားပေးသွားတဲ့ ပါတီက တာဝန်ရှိတဲ့သူတွေကော၊ စာနဲ့ပေးပို့ပြီး မေးမြန်းကြတဲ့ မောင်လေးတွေ၊ ညီမလေးတွေကိုကော ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဦးစားပေးဖြေရှင်းစေချင်တာကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အပိုင်းကိုတော့ ဦးစားပေးဖြေရှင်းပေးစေချင်တယ်။ ကျမတို့ မန္တလေးမြို့အနေနဲ့ပေါ့နော်၊ မြို့အနေနဲ့ ပြောတာပေါ့။ ဒီရွေးကောက်ပွဲမှာပေါ့နော်၊ ဒီအနိုင်ရပါတီဖြစ်သွားမယ့် ပါတီကပေါ့နော်၊ ဆက်ပြီးတော့ ပညာရေးပိုင်းမှာပဲဖြစ်ဖြစ် ပိုပြီးတော့ အခွင့်အလမ်းတွေ ပိုများအောင် လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ အားလုံးကိုလည်း အဆင်ပြေအောင် အဲဒီလိုမျိုး လုပ်ဆောင်သွားနိုင်မယ့် အစိုးရတစ်ရပ်၊ အဲဒီလိုမျိုးလိုချင်ပါတယ်ရှင့်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်ပြောချင်တာကတော့ အကုန်လုံးအနေနဲ့ အကောင်းဆုံး ဖြစ်မယ့် အစိုးရကိုရွေးပြီးတော့ နိုဝင်ဘာ ၈ ရက်နေ့မှာပဲ အကုန်လုံးလာပြီးတော့ မဲပေးကြပါလို့ ပြောချင်ပါတယ်။ အခုဟာက ၂၀၁၅ တုန်းက ကျနော်တို့လုပ်ခဲ့တဲ့ဟာကကျတော့ ပါတီနိုင်ငံရေးကို လုပ်ခဲ့ကြတယ်။ ပါတီကို ရွေးခဲ့ကြတယ်၊ ၂၀၁၅ တုန်းက။ အခု ၂၀၂၀ မှာ ကျနော်တို့ ပါတီကို မကြည့်ကြတော့ဘူး၊ အမျိုးသားနိုင်ငံရေးကို လုပ်ကြမယ်။ ပြည်သူတွေအနေနဲ့၊ လူငယ်တွေအနေနဲ့ ပါတီစွဲ မထားကြဘဲနဲ့ တကယ်ပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားနိုင်ငံရေးကိုပဲ လုပ်ပြီးတော့ ဘယ်အမတ်ပဲဖြစ်ဖြစ် ကိုယ့်ဒေသအတွက် တကယ်လုပ်နိုင်မယ့်၊ အကျိုးပြုနိုင်မယ့် အမတ်တွေရှိရင် ဘယ်ပါတီကပဲဖြစ်ဖြစ် အဲဒီလူကို မဲပေးစေချင်တယ်။ ဟုတ်ကဲ့ပါ။ ဒါကတော့ ကျမတို့အဖွဲ့သားတွေ ကြိုတင်ရယူထားတဲ့ လူငယ်တွေရဲ့၊ သူတို့ရဲ့ ရင်ဖွင့်သံတွေ၊ သူတို့ရဲ့ ဆန္ဒသဘောထားတွေပဲ ဖြစ်ပါတယ်ရှင်။ အခုဆက်ပြီးတော့မှ ကျမတို့ အွန်လိုင်းပေါ်ကနေပြီးတော့ ရှိတဲ့ လူငယ်တွေရဲ့ တိုက်ရိုက်မေးမြန်းတဲ့ အစီအစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ပထမဆုံးကတော့ မောင်လေး မောင်အောင်လင်း။ မောင်လေး၊ မေးလို့ရပါပြီနော်။ မေး။ ။ ဟုတ်ကဲ့။ ကျနော်တို့ USDP ပါတီအနေနဲ့ပေါ့နော်၊ အခု ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံး လှုံ့ဆော်မှုတွေအပေါ် ဘာများပြောချင်ပါသလဲ။ နောက်တစ်ချက်ကတော့ မဲဆွယ်စည်းရုံးလှုံ့ဆော်မှုတွေက ပါတီကိုဝန်းရံသူတွေလို့ပဲ ပြောကြပါတယ်ခင်ဗျ။ ဒါပေမယ့် ဒီ မဲဆွယ်စည်းရုံးမှုတွေက ဒီကာလမှာ မဲဆွယ်စည်းရုံးမှုထက် ပြည်သူ့ကျန်းမာရေးက အရေးကြီးနေတယ်ဆိုတော့ ပါတီအနေနဲ့ လူစုလူဝေး မဖြစ်ပေါ်အောင် ဘာတွေများ သဘောထားထုတ်ပြန်ထားသလဲ သိချင်ပါတယ်ခင်ဗျ။ ဖြေ။ ။ ဟုတ်ကဲ့။ ဒီ ကိုဗစ်ကာလမှာ ဆိုလို့ရှိရင် ကျမတို့ USDP ပါတီအနေနဲ့ကတော့၊ ကျမတို့ရဲ့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးကနေပြီးတော့လည်း ပါတီကနေ နဂိုကတည်းက ရည်မှန်းထားတာရှိတယ်။ ကျမတို့ ပြည်သူသာလျှင် အဓိကဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေးကိုပဲ အဓိကထားပါတယ်။ ဒီလိုထားလို့လည်း ကျမတို့ဒီကာလမှာ မဲဆွယ်စည်းရုံးမှု ဆောင်ရွက်ထားတာ မရှိပါဘူး။ ဆောင်ရွက်မှုတွေကိုလည်း လက်ရှိမှာ ဆောင်ရွက်ထားတာလည်း ဘာတစ်ခုမှ မရှိပါဘူး။ မှားနေပါတယ်။ ကျမတို့ကိုယ်နှိုက်ကိုက ဒီကနေ့ဆိုလို့ရှိရင် ရွာတွေမှာဆင်းဖို့ ရှိသော်ငြားလည်းပဲ ကျမတို့မြို့နယ်ဆိုရင် Stay at Home ထဲပါတဲ့အတွက် ကျမတို့ ဒီအချိန်မှာ မဲဆွယ်ကာလတွေမှာ မဲဆွယ်စည်းရုံးမှု မဆောင်ရွက်ပါဘူးရှင့်။ ပြည်သူသာလျှင် အဓိကဖြစ်တဲ့အတွက် ကျန်းမာရေးက အဓိကဖြစ်ပါတယ်။ တနေ့တခြားတိုးပွားလာတဲ့ ကိုဗစ်ရဲ့ ဆိုးကျိုးတွေကို ကျမတို့ အားလုံးကနေပြီးတော့ Stay at Home ကနေ ကာကွယ်သွားဖို့ အသင့်ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးမှုအနေနဲ့ လက်ရှိအချိန်မှာ ကျမတို့ ရပ်နားထားပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ နောက်တစ်ယောက်ကတော့ မောင်လေး မောင်အောင်ပြည့်ဖြိုး။ မေးခွန်းလေး မေးလို့ရပြီနော် မောင်လေး။ မေး။ ။ ပထမဦးစွာ လူငယ် First time voter တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ တက်ရောက်လာတဲ့ ပါတီကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်ကတော့ USDP ပါတီကို မေးချင်ပါတယ်ခင်ဗျ။ ICESCR လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပဋိဉာဉ်စာချုပ်ကို ကျနော်တို့နိုင်ငံက ၂၀၁၇၊ အောက်တိုဘာလမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီစာချုပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လက်ရှိ ကျနော်တို့ ပြည်တွင်းဥပဒေတွေကို စာချုပ်ပါ ပြဌာန်းချက်များနဲ့ ကိုက်ညီမှုရှိအောင်ပြင်ဆင်ခြင်း။ ကျနော်ပြောရမယ်ဆိုရင် အဓိကအနေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ်၊ ကျင်းပပေးရမယ်။ ဒါပေမယ့် ဘယ်လိုဝိသေသလက္ခဏာရှိရှိ ကျား၊ မ၊ ဒစ်အေးဘဲ၊ အယ်ဂျီဘီတီ အဲဒီစတဲ့ ဘယ်လို ဝိသေသ လက္ခဏာရှိရှိ အဲဒီလူတွေကို တန်းတူညီမျှတဲ့ ပညာရေးနဲ့ စီးပွားရေးအခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးပါမလားလို့ ကျနော်သိချင်ပါတယ်ခင်ဗျ။ ဖြေကြားပေးပါဦး။ ဖြေ။ ။ ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင် ကျမတို့ပြည်ခိုင်ဖြိုးပါတီက ချမှတ်ထားတဲ့ ပြည်သူ့အတွက် အာမခံချက်ထဲမှာဆိုရင် တစ်ချက်ပါပါတယ်။ ကျမတို့အဓိကကတော့ လူငယ်တွေအတွက်ပဲဖြစ်ဖြစ်၊ ကျမတို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအတွက်ကို နိုင်ငံတကာ အကျိုးစီးပွားတွေအတွက်ကို ဆောင်ရွက်ပေးဖို့အတွက်ကို ပြည်သူ့အတွက် အာမခံချက်ထဲမှာလည်း ဒါလည်း ပါပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အကုန်လုံး စီစဉ်ထားပါတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ ဆိုတော့ နောက်ထပ်တစ်ယောက်ကတော့ မောင်လေး မောင်ချစ်ကောင်း။  မေး။ ။ ကျနော့်နာမည်က မောင်ချစ်ကောင်းပါ။ ကျနော်ကတော့ ပြည်သူ့ပါတီကို မေးချင်ပါတယ်ဗျ။ အခုလာမယ့် ရွေးကောက်ပွဲမှာ အာဏာရပါတီ ဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ လွှတ်တော်အသီးသီးမှာ ပါဝင်ခွင့် ရရှိလျှင်လည်းကောင်း လူငယ်တွေအရေးအတွက်ကို ဘယ်လောက်ထိ လုပ်ပေးမယ်လို့ အစီအစဉ်တွေ ဆွဲထားတာရှိလဲဆိုတာ ကျနော်သိချင်ပါတယ်ခင်ဗျ။ ဖြေ။ ။ ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အလုံးစုံ၊ နေရာတော်တော် မပြိုင်နိုင်ဘူးပေါ့။ ပြိုင်နိုင်ခဲ့တာလည်း ၁၅၄ ဦးလောက်ပဲ ပြိုင်ခဲ့တာဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အားလုံးနိုင်တောင်မှ အစိုးရမဖွဲ့နိုင်ဘူး။ ဒါပေမယ့် အစိုးရမဖွဲ့နိုင်ပေမယ့်လည်း ပြည်သူလူထုရဲ့ အကျိုးကိစ္စတွေ၊ လူငယ်တွေရဲ့ ကိစ္စတွေမှာလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားမှာပါ။ လူငယ်တွေနဲ့ ပတ်သက်ရင်လည်း လူငယ်တွေရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမယ် မျိုးဆက်တွေ ဆိုပြီးတော့ ကျနော်တို့ကလည်း ယုံကြည်ပါတယ်။ လူငယ်တွေကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖွံ့ဖြိုးတဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ အလေးထားဆောင်ရွက်သွားပါ့မယ်။ ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ လူငယ်တွေရဲ့ ပြည်သူကို ကိုယ်စားပြုပြီး ပါဝင်လာဖို့လည်း ကျနော်တို့ ကြိုးစားဆောင်ရွက်သွားပါမယ်ခင်ဗျ။ လူငယ်တွေနဲ့ ပတ်သက်ရင် အနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးနိုင်ဖို့အတွက် လူငယ်တွေကို အစုအဖွဲ့တွေ အားကောင်းလာအောင်၊ အသင်းအဖွဲ့တွေ အားကောင်းလာအောင် ကျနော်တို့ပါတီအနေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒတွေ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတစ်ယောက် အနေနဲ့ပေါ့နော်၊ မောင်လေးမျိုးခိုင်ဦး။ မောင်လေးမေးခွန်းမေးလို့ ရပြီနော်။ မေး။ ။ ကျနော် လူ့ဘောင်သစ်ပါတီကို မေးချင်ပါတယ်။ ပထမတစ်ခုကတော့ လူငယ်တွေအတွက်ကို အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ထိများ လုပ်ပေးနိုင်မလဲ။ ဒုတိယတစ်ခုက လူငယ်တွေထဲမှာ မှတ်ပုံတင်မရသေးတဲ့ လူငယ်တွေကို ဘယ်လိုမျိုးများ လုပ်ပေးနိုင်မလဲ။ အဲဒါတွေ သိချင်ပါတယ်။ ဟုတ်ကဲ့။ လူ့ဘောင်သစ်ဒီမိုကရက်တစ်က ဦးအောင်မိုင်ဆန်း။ ဖြေ။ ။ ဟုတ်ကဲ့ပါ။ သူက နှစ်ခုရှိမယ်ပေါ့။ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရယ်၊ နောက်တစ်ခုက မှတ်ပုံတင်မရတဲ့ လူငယ်တွေရဲ့ ပြဿနာရယ်ပေါ့။ အဲဒီတော့ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကတော့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုရင်၊ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းဖို့ဆိုရင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ အများကြီး လုပ်ရမှာတွေတော့ ရှိတယ်ပေါ့နော်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ဆက်စပ်နေတဲ့ ကိစ္စဖြစ်တာကိုး။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာဖို့ဆိုရင် ကျနော်တို့ တိုင်းပြည်ထဲကဆိုရင် အလတ်စား SME တို့ လုပ်ငန်းတွေအများကြီးဖွံ့ဖြိုးလာအောင် ကျနော်တို့ တကယ်မူဝါဒချမှတ်ပြီးတော့၊ အခုလည်း လုပ်နေတာတချို့ရှိပါတယ်။ ဒါပေမယ့် ဒီထက်ပိုထိရောက်အောင်၊ ဒီထက်ပိုပြီးတော့ ရှင်သန်ခွင့်ရအောင် ကျနော်တို့ လုပ်ပေးရမယ့် အနေအထားရှိတယ်။ နောက်တစ်ခုကလည်း ကိုယ့်ပြည်တွင်းဖွံ့ဖြိုးမှုတွေတင် မလုံလောက်ပါဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကလည်း အလုပ်အကိုင်အခွင့်အလမ်းအတွက် အရေးကြီးပါတယ်။ အဲဒီတော့ နိုင်ငံတကာကနေပြီးတော့ ကျနော်တို့တိုင်းပြည်ကိုလာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုပြီး များလာအောင် ကျနော်တို့ ဖိတ်ခေါ်ဖို့လိုအပ်တယ်။ အဲဒီအတွက် ဆိုလို့ရှိရင် ကျနော်တို့ တချို့ကိစ္စတွေမှာ တည်ဆဲဥပဒေတွေက အဟန့်အတားဖြစ်စေတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ တချို့ ဥပဒေတွေက တင်းကျပ်နေတာတွေကို ကျနော်တို့ ဖြေလျှော့ပေးဖို့လိုအပ်တယ်။ ဒါပေမယ့် တဖက်မှာ ကျနော်တို့ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းလိုက်ပြီးတော့ ဒီဘက်က တဖက်မှာက လူထုကိုထိခိုက်တဲ့ပုံစံမျိုး မဖြစ်အောင် ဂရုစိုက်ပြီးတော့ အဲဒီနည်းလမ်းနှစ်သွယ်ပေါ့နော်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရယ်၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ ရှင်သန်အားကောင်းလာဖို့ရယ်ကို လုပ်မယ်ဆိုလို့ရှိရင် လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်တွေတင် မကပါဘူးနော်၊ အကုန်လုံးရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေက ပိုပြီးတော့ များလာမှာပါ။ ဒါကတစ်ချက်ပေါ့နော်။ နောက်တစ်ချက်က ဒီ မှတ်ပုံတင် မရတဲ့ကိစ္စတွေကတော့ အများကြီး ကျနော်တို့နိုင်ငံမှာ ကြုံနေရတာတွေ ရှိတယ်။ အဲဒါက တချို့ မှတ်ပုံတင်ရထိုက်ရဲ့သားနဲ့ မရတဲ့သူတွေ ရှိနေသလို၊ မှတ်ပုံတင်မရထိုက်ဘဲ မှတ်ပုံတင်ရသွားတဲ့ လူတွေလည်း ရှိနေတယ်ဆိုတဲ့ ပြဿနာမျိုးကို အားလုံးကြားကြမှာပါ။ အဲဒီတော့ အဓိကကတော့ လဝကအပိုင်းအနေနဲ့ ဒီအပေါ်မှာ နိုင်ငံသားတွေရဲ့ မှတ်ပုံတင်နဲ့ ပတ်သက်ပြီးတော့ နည်းနည်းပေါ့လျော့တဲ့ အပိုင်းလေးတွေ၊ တစ်နည်းအားဖြင့် အဂတိမကင်းတဲ့ ကိစ္စတွေ ှရှိနေတဲ့အခါ ဒီပြဿနာကို လာကြုံရတာရှိတယ်။ ဒါက မှတ်ပုံတင် မရထိုက်ဘဲ ရသွားတဲ့သူတွေနဲ့ ရသင့်ရထိုက်ရဲ့သားန့ မရတဲ့ဟာတွေလည်း ရှိတယ်ပေါ့။ နောက်တစ်ခုကတော့ ကျနော်တို့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေက အရမ်းရှုပ်ထွေးတဲ့အခါကျတော့၊ ဥပမာ - တချို့ဆိုရင် အသက်လေးငါးဆယ် ရောက်ပြီဆိုတာတောင်မှ အိမ်ထောင်စုဇယားထဲမှာ သူတို့နာမည် ပေါက်မနေဘူး။ ဒါပေမယ့်ဒါက မြို့ပေါ်တို့၊ မြို့နားမှာကပ်နေတဲ့သူတွေတောင်မှ အဲဒီလို အခြေအနေတွေရှိတယ်။ အဲဒီတော့ အိမ်ထောင်စုဇယားထဲမှာ မပါတဲ့သူတွေက မှတ်ပုံတင်ရဖို့ဆိုရင် လုပ်ထုံးလုပ်နည်းအရ ဒီထဲမှာ ပြဿနာလာကြုံရတာတွေရှိတယ်။ တကယ်တမ်းတော့ လုပ်ထုံးလုပ်နည်းအရ အရမ်းတင်းကျပ်တာတစ်ခုရယ်၊ နောက်တစ်ခုက လူငယ်တွေပေါ့၊ ရှင်းရှင်းလင်းလင်း ဟိုးကတည်းက ဒီလုပ်ထုံးလုပ်နည်းကို နားလည်အောင်လို့ ပညာပေးလုပ်ဆောင်မှုတွေ မရှိခဲ့ဘူး။ အများအားဖြင့် အရပ်သားနားလည်မှုနဲ့ပဲ တောနေလူတန်းစားက ဖြတ်သန်းခဲ့ရတာရှိတယ်။ နောက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ၊ အားနည်းချက်ကြောင့်လည်း တချို့ မှတ်ပုံတင်မရတာ ရှိတယ်။ အခုဟာက မှတ်ပုံတင်မရတဲ့ ပြဿနာတင်မကဘဲနဲ့ မှတ်ပုံတင်သွားလုပ်ပြီဆိုလို့ရှိရင် တချို့ သူတို့မကြိုက်တဲ့ လူမျိုးတစ်မျိုးအဖြစ် နာမည်အသွင်းခံရလို့ လုပ်ချင်တဲ့သူတွေတောင်မှ ကြုံတွေ့နေရတဲ့ ပြဿနာမျိုးလေးတွေ ကျနော်တို့ တွေ့ရတယ်။ ဥပမာဆိုလို့ရှိရင် ပါကစ္စတန်အနွယ်လူမျိုးလိုလို၊ ဒါပေမယ့် သူတို့ တကယ်တမ်း ဘိုးစဉ်ဘောင်ဆက် နေလာတာကြာပြီဖြစ်ပေမယ့် သူတို့တကယ် မှတ်ပုံတင် သွားလုပ်တဲ့အခါမှာ အဲဒီလို လူမျိုးစာရင်းထဲကို အသွင်းခံရတာမျိုးတွေရှိတယ်။ အဲဒီတော့ လဝကရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေက တော်တော်ကိုရှုပ်ထွေးပြီးတော့ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ အများကြီးပါနေတာတွေ့တယ်။ တွေ့တဲ့အခါကျတော့ ကျနော်တို့ဒါတွေကို တကယ်စနစ်တကျနဲ့ ကျနော်တို့က၊ လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျ ပြန်လည်ပြုပြင်ရမှာတွေ ရှိမယ်၊ နောက် တချို့ဥပဒေတွေကို ဖြေလျှော့ပေးရတာတွေ ရှိမယ်၊ နောက်တစ်ခုက ဒါကို … မင်းတို့မှတ်ပုံတင်လာပြီးတော့ ငါတို့ဆီလာလုပ်တော့မှ ဒီလိုဟာမျိုးတွေ ငါတို့ဒီလိုလုပ်တယ် ဆိုတာထက် ဒီ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက သေချာကို ကွင်းဆင်းပြီးတော့ လူထုကြားထဲအထိရောက်အောင်၊ မှတ်ပုံတင် မရှိသေးရင် ရှိလာအောင်၊ မှတ်ပုံတင်ကို ဘယ်အချိန်မှာ ဘယ်လိုအချက်အလက်တွေ ပြည့်စုံအောင် သူတို့က တကယ်ကို စေတနာပါပါနဲ့ အချိန်ပေးပြီးတော့ကို၊ ဝန်ဆောင်မှုပေးတဲ့သဘောမျိုးနဲ့ကို၊ ဝန်ဆောင်မှုပေးတဲ့ ပုံစံမျိုးနဲ့ကို တကယ်လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီလိုမှပဲ စောစောက ကြုံနေရတဲ့  ပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အဲဒီတော့ မေးပေးသွားတဲ့ မောင်လေးတွေကိုရော၊ ဒီဘက်ကဖြေပေးသွားတဲ့ ဆရာတို့၊ ဆရာမတို့အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024