Home
ဆောင်းပါး
Any Questions? မန္တလေးတိုင်းအစီအစဉ် (ပထမပိုင်း) 
DVB
·
October 27, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့  မန္တလေးတိုင်းအစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျမ နေရီရီနဲ့ အတူ နွယ်နီတင်မောင်နဲ့ ဦးနေဇော်နိုင်တို့က တင်ဆက်ပေးသွားဖြစ်ပါတယ်ရှင်။ ဒီတစ်ခေါက်အတွက် ကျမတို့ရွေးချယ်ထားတာကတော့ မန္တလေးတိုင်းဒေသကြီးဖြစ်ပါတယ်။ အခုတော့…အားလုံးက..ဟိုအဝေးမှာ ကျန်ခဲ့ပေါ့။ တကယ်လို့အရှေ့အရပ်က ခေါ်သံများကြားခဲ့ရင်…  မင်း…ဘာအလိုချင်ဆုံးလဲ… ကြက်သွန်ဖြူနံ့သင်းတဲ့ဟင်းမွှေးရနံ့ရယ်… ထန်းလက်ပေါ်ဖြာကျနေတဲ့နေခြည်နွေးနွေးရယ်… စေတီပေါ်ကလွင့်ပျံလာတဲ့ဆည်းလည်းသံချိုမြမြရယ်ပေါ့… မန္တလေးကို သွားရာလမ်းမှာလေ… တဲ့။ ကဗျာဆရာ ရူးဒီးယက်ကစ်ပလင်ရဲ့ အလွန်ကျော်ကြားခဲ့တဲ့ကဗျာတပုဒ်ပေါ့။ ကျနော် ကတော့ သူ့လို ‘မန္တလေးသို့သွားရာလမ်း’ Road to Mandalay မဟုတ်ပဲ ‘မန္တလေး မှ သွားရာလမ်း’ Road from Mandalay ကိုဘဲ စိတ်ဝင်စားပါတယ်။ ဒီလမ်းအတိုင်းဆက်သွားခဲ့ရင် ဘာတွေတွေ့ကြုံရမလဲ ။ဘာတွေ ဖြစ်ဦးမလဲ။  မသိနိုင်တဲ့ ခရီးရှည်ကြီးဆီကိုဆက်ရဦးမှာပါ” ဆိုတဲ့ ဖီးလ်မာရှယ်စလင်းရဲ့ ‘နယ်မြေသိမ်း အောင်ပွဲခံ မိန့်ခွန်း’ကတော့  လေလှိုင်းကတဆင့် ကမ္ဘာတဝှမ်းလုံး ပျံ့နှံ့သွားပါတော့တယ်။ သတိဆွဲပြီးရပ်နေတဲ့ ဗြိတိသျှ စစ်သားတွေနဲ့ အရပ်သားအချို့ကတော့ငြိမ်သက်၊ တိတ်ဆိတ်လို့ပေါ့။ ဗိုလ်ချုပ်ကြီး စလင်းကတော့ မီးလောင်ပြာကျမသွားဘဲ ကျန်ရစ်ခဲ့တဲ့ နန်းမြင့်မျှော်စင်ကို မော့ကြည့်ရင်းနွမ်းနယ်နေဟန်ပါပဲ။ မှတ်မှတ်ရရ၊ ၁၉၄၅ခု ၊ မတ်လ(၂၀)ရက်နေ့ မန္တလေးနန်းတော်ကို ဗြိတိသျှတပ်တို့ ပြန်လည်သိမ်းပိုက်လိုက်တဲ့နေ့။ တော်လှန်ရေးနေ့မကြေညာမီ (၇) ရက်အလို ကလေ။  နောက်တော့ စစ်ပြေးနေတဲ့မန္တလေးသူ မန္တလေးသားတွေလည်း ဆရာညှာရဲ့ ‘ပြည်တော်ဝင်’ သီချင်းနဲ့အတူ ပြန်လည်ရောက်ရှိခဲ့ကြပေါ့။ မန္တလေးဟာ ပြာပုံထဲက ပြန်လည်လူးလွန့်လာခဲ့ပါပြီ။ ဆရာမြသန်းတင့် ကတော့ မန္တလေးကို ‘ဖီးနစ်ငှက်’နဲ့ တင်စားခဲ့ရဲ့။ အရှေ့ရှမ်းရိုးမရဲ့ မှိုင်းပြာပြာ နှင်းမြူဇာပုဝါထဲက ဖိတ်အံကျလာတဲ့ နေခြည်နုနဲ့အတူ မန္တလေးရဲ့ ‘ပန်းနုရောင်အာရုဏ်ဦး’ ဟာလည်း အဲ့ဒီအချိန်ကစလို့ ပြန်လည်ပွင့်လန်းလို့လာခဲ့ပါပြီ။ မန္တလေးနန်းတည်နှစ်ကို ဗဟိုချက်ထားကြည့်ရင်း မန္တလေးမှ သွားရာလမ်းကို ‘ဆရာတော်ရွှေကိုင်းသား’ က နှစ်ရာ (၁၀၀) ပြည့်ထိ လှုံ့ဆော်ပုံဖေါ်ပြခဲ့တယ်။ အခုဆို နန်းတည်နှစ်ပေါင်း (၁၆၁)နှစ် ပြည့်ခဲ့ပါပြီ။ မန္တလေးမှလာရာလမ်း ဟာလည်း ခက်ခဲကြမ်းတမ်းပြီး ‘သွေးခင်းလမ်း’ ကိုလျှောက်ခဲ့ရသလို မန္တလေးဆီသို့သွားရာလမ်းဟာလည်း အလဲလဲအပြိုပြိုနဲ့ ‘တဗိုလ်တမင်း စစ်ခင်း’ ခဲ့တဲ့ မငြိမ်းချမ်းခဲ့တဲ့လမ်းကို လျှောက်လှမ်းလာခဲ့ကြရတာပါပဲ။ ပုဂံ၊ ပင်းယ၊ မြင်စိုင်း အင်းဝ၊ စစ်ကိုင်း၊ အမရပူရဆိုတဲ့ မိုင်တိုင်များစွာ နှစ်ထောင်ချီခရီးကို ဖြတ်ကျော်ခဲ့ရသည်ပဲလေ ။  တကယ်တော့မန္တလေးဆိုတာ… ‘မန္ဋလ’ပုဒ်ကနေ ‘မန္တလေး’ဖြစ်လာတယ်လို့ဆိုတယ်။ မန္ဋလကတော့ ပျံ့ပျူးသာယာ ရှိသောအရပ်ပေါ့။ အချို့ပညာရှိများကတော့ ‘မန္ဓရေး’ကနေ‘မန္တလေး’ ဖြစ်လာတာလို့လည်းပြောကြရဲ့။ ‘ကျက်သရေတို့ကို ဆောင်သောအရပ်’ပေါ့။ သမိုင်းပညာရှင်တချို့ကတော့ ပုဂံခေတ်ကနယ်နှင်ဒဏ်ခံရတဲ့ ‘မင်း ရှင်စော’ မှီခိုနေခဲ့တဲ့တောင်ဖြစ်တာကြောင့် ‘မင်းကလေးတောင်’လို့ခေါ်တွင်ခဲ့တယ်။ နောင်အခါမှာ အဲ့ဒီတောင်   အနီး မြို့တည်ခဲ့ လို့  ‘မင်းကလေးတောင်’ကိုအစွဲပြုပြီး ‘မန္တလေး’ ဖြစ်လာတယ်လို့ ဆိုတာလည်းရှိရဲ့။ မန္တလေးမြို့တည်ရာအရပ်ဟာလည်း တချိန်ကတော့ ထီးပေါင်းကားအရပ်ပေါ့။ အဲ့ဒီအရပ်ကို မြို့တည်မင်း ဖြစ်တဲ့ မင်းတုန်းမင်းက ‘ရတနာပုံ’လို့ ခေါ်တွင်စေခဲ့လို့ ‘ရတနာပုံမြို့တော်’ လို့လည်း ဖြစ်ခဲ့တယ်။ ‘ရတနာပုံ’ ဆိုတာကလည်း မင်းရှင်စောရဲ့မယ်တော် အမည်နာမကို အစွဲပြုမှည့်ခေါ်ခဲ့တာလို့ မူကွဲတခုလည်း ရှိပါသေးတယ်။ ဘာဘဲ ဖြစ်ဖြစ် သက္ကရာဇ် ၁၂၂၁ ခု နန်းတည်နှစ်ကိုတော့ ‘အုတ်ကျစ်ကျော်အေး မန္တလေး’ လို့ အဆိုရှိခဲ့သလို “အင်ကြင်းကြာအုံ ရတနာပုံ”လို့လည်း မှတ်သားခဲ့ကြလေရဲ့။ အခုတော့ မန္တလေးဟာ ခရိုင်(၇)ခု မြို့နယ်(၂၈)မြို့နယ်တို့နဲ့ ဖွဲ့စည်းထားတယ်။ ‘နေပြည်တော်ပြည်ထောင်စုနယ်မြေ’ ဟာလည်း မန္တလေးတိုင်း ထဲပါတာပေါ့ ဒါကတော့ မန္တလေးပုံရိပ်ကို Any Questions? အဖွဲ့သားတွေ ဉာဏ်စွမ်းရှိသလောက်  စုစည်းတင်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါက မန္တလေးပုံရိပ် ပထမပိုင်းဖြစ်ပါတယ်။ အခု ဆက်ပြီးတော့ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ မန္တလေးတိုင်းဒေသကြီးနဲ့ သက်ဆိုင်တဲ့ အချက်အလက်လေးတွေကို ကျနော်တို့ စုဆောင်းထားသမျှကို တင်ပြပေးချင်ပါတယ်။ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီးမှာ မဲဆန္ဒရှင်ဦးရေ (၄၅)သိန်းရှိပါတယ်။ ပထမအကြိမ်မဲပေးမယ့်သူကတော့ ငါးသိန်းရှိပြီးတော့ အဲ့ဒီထဲမှာ မသန်စွမ်းမဲဆန္ဒရှင် (၉၀၀၀) ပါဝင်ပါတယ်။  နောက်မန္တလေးတိုင်းဒေသကြီးမှာ မဲရုံအရေအတွက် (၅၄၄၂) ရုံရှိပြီးတော့ နိုင်ငံရေးပါတီပေါင်း ၂၁ ပါတီရှိပါတယ်။ မဲဆန္ဒနယ်ပေါင်းကတော့ (၁၀၅) နေရာရှိပါတယ်။ လွှတ်တော်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီနဲ့ ကိုယ်စားလှယ်ဦးရေတွေကို ကျနော်ဆက်ပြီးတော့ တင်ပြပေးချင်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၂၂၉  ဦးရှိပြီးတော့ မဲဆန္ဒနယ် ၃၆ မဲဆန္ဒနယ်၊ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီကတော့ ၁၉  ပါတီဖြစ်ပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်မှာပဲ အမျိုးသား၊ အမျိုးသမီး အချိုးအစားကို ပြန်ကြည့်ရင် အမျိုးသမီး ၁၂.၆၆ ရာခိုင်နှုန်းရှိပြီးတော့ အမျိုးသားကတော့ ၈၇.၃၄ ရာခိုင်နှုန်းရှိပါတယ်။ နောက်တစ်ခုက အမျိုးသားလွှတ်တော်ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်။ မဲဆန္ဒနယ်က ၁၂ မဲဆန္ဒနယ်ရှိပါတယ်။ ပါတီပေါင်းကတော့ ၁၂ပါတီရှိပါတယ်။ ဒီ အမျိုးသားလွှတ်တော်မှာလည်း အမျိုးသား၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကို အချိုးချ ကြည့်ရင် အမျိုးသမီးက ၁၄.၀၆ ရာခိုင်နှုန်း၊ အမျိုးသားက ၈၅.၉၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ နောက် တိုင်းဒေသကြီးလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၃၂၄ ဦး ယှဉ်ပြိုင်မယ် မဲဆန္ဒနယ်က ၅၇ မဲဆန္ဒနယ်ရှိပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီပေါင်း ၁၉  ပါတီရှိပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသား၊ အမျိုးသမီးကို အချိုးချကြည့်ရင် အမျိုးသမီးက ၁၄.၂၀ ရာခိုင်နှုန်း၊ အမျိုးသားက ၈၅.၈၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကတော့ လွှတ်တော်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဦးရေ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ အချက်အလက် ပြုစုထားတာဖြစ်ပါတယ်။ မနေရီရီ ဆက်ပြီးတော့ တင်ဆက်ပေးပါအုံး။  ဟုတ်ကဲ့ပါ။ ဦးနေဇော်နိုင်။ ဒါကတော့ လွှတ်တော်မှာ ယှဉ်ပြိုင်မယ့် ပါတီစာရင်းတွေပေါ့နော်။ ကိုယ်စားလှယ်စာရင်းတွေ ပြောသွားတယ်။ ကျမကတော့ ဒီနေ့ အစီအစဉ်မှာဆိုရင် လူငယ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဖိတ်ထားတဲ့ပါတီတွေကို ဘယ်လိုဖိတ်လည်းဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။ ကျမတို့က ပါတီတွေကို ဖိတ်တဲ့နေရာမှာ ဆိုရင် လက်လှမ်းမီသမျှ အွန်လိုင်းပေါ်က စစ်တမ်းတွေရော၊ ဒေသမှာ လိုက်လံကောက်ယူထားတဲ့ စစ်တမ်းတွေရော အဲ့ဒီစစ်တမ်းတွေပေါ်မှာ မူတည်ပြီးတော့မှ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အားလုံးသိကြတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ COVID – 19 ရောဂါအခက်အခဲကြောင့် တချို့နေရာတွေမှာ ကောက်ယူဖို့၊ သွားလာဖို့ခက်ခဲတဲ့ ဒေသတွေရှိတယ်။ အရင်အခေါက်တွေကထက် ပိုပြီးခက်ခဲတယ်။ ကျမတို့ လက်လှမ်းမီသမျှ ဖုန်းတွေနဲ့ အဆက်အသွယ်မျိုးစုံ ရယူထားတဲ့ စစ်တမ်းတွေထဲက ပါတီတွေကို ဖိတ်ခဲ့တာဖြစ်တယ်။ ကျမတို့ ဖိတ်ခဲ့တဲ့ ပါတီတွေကတော့ ပြည်သူ့ပါတီ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ကို ကျမတို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်မကောင်းစရာပေါ့နော်။ တက်ရောက်ခဲ့တဲ့ လူငယ်တွေကိုလည်း ကျမတို့ အနူးအညွတ်တောင်းပန်စရာရှိပါတယ်။ အဲ့ဒါကတော့ ကျမတို့ ဖိတ်ကြားခဲ့တဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ကျမတို့ရဲ့ ဖိတ်ကြားမှုကို အကြောင်းအမျိုးမျိုးကြောင့် ပေါ့နော်။ ငြင်းဆိုလိုက်တာရှိပါတယ်။ အဲ့ဒါကြောင့်မို့ NLD ပါတီကိုမေးကြမယ့် လူငယ်တွေကိုလည်း ဒီကနေပဲ တစ်ခါတည်း အရင်ဆုံးကြိုပြီးတော့ တောင်းပန်လိုက်ပါတယ်ရှင်။ အရင်ဆုံးပေါ့နော်။ နိုင်ငံရေးပါတီတွေကနေပြီး တစ်ဦးကို ၂မိနစ်စီလောက် မိတ်ဆက်စကား ပြောကြားပေးဖို့ဖြစ်ပါတယ်။ ပထမဆုံး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မန္တလေးခရိုင်က အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင် က ပါတီမိတ်ဆက်စကားလေးပြောပေးဖို့ ဖိတ်ကြားချင်ပါတယ်ရှင့်။  မင်္ဂလာပါရှင့်။ ကျမကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မန္တလေးခရိုင်က ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်ဖြစ်ပါတယ်ရှင့်။ ကျမတို့ပါတီအနေနဲ့ အခုလာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာဆိုရင် ကျမတို့ နေရာတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်ရှင့်။ ကျမတို့ပါတီရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေရဲ့  လိုအင်ဆန္ဒတွေနဲ့ အတူ ဆက်လက်ပြီး အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။ ကျေးဇူတင်ပါတယ်ရှင့်။  ဟုတ်ကဲ့ပါ။ အခုပြည်သူ့ပါတီက မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး ပါတီမိတ်ဆက်စကားလေး ပြောပေးပါအုံးရှင့်။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ ကျနော်ကတော့ ပြည်သူ့ပါတီ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဥက္ကဋ္ဌ ဦးကျော်ကျော်စိုး ဖြစ်ပါတယ်။ ကျနော်တို့ပါတီရဲ့ ဖြစ်စဉ်ပေါ့။ ပေါ်ပေါက်လာတဲ့ သမိုင်းအကျဉ်းလေးကို ကျနော် အနည်းငယ် တင်ပြပါရစေ။ ကျနော်တို့ ပြည်သူ့ပါတီက ပါဝင်တဲ့ရဲဘော်တွေက ၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ဖြတ်သန်းပြီးတော့ နိုင်ငံ့ရဲ့အရေးကိစ္စတွေကို ဆောင်ရွက်ခဲ့ကြတဲ့ နောင်တော်ရဲဘော်တွေ၊ မျိုးဆက်သစ်လူငယ်တွေနဲ့ ပူးပေါင်းပါဝင် ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ပါတီရဲ့ သက်တမ်းက ၂နှစ်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ပြည်သူ့ပါတီမှာ ဆောင်ရွက်နေတဲ့ ကျနော်တို့ရဲဘော်တွေအားလုံးဟာဆိုရင် နိုင်ငံရေးဖြတ်သန်းမှုက နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ နိုင်ငံရေးရဲဘော်ဟောင်းတွေဖြစ်ကြပါတယ်။ ကျနော်တို့ ပြည်သူ့ပါတီရဲ့ မူဝါဒလေးကို အနည်းငယ် အကျဉ်းချုံးပြီး တင်ပြပါရစေခင်ဗျာ။ ကျနော်တို့ ပြည်သူ့ပါတီဟာ တန်းတူညီမျှရေး၊ လွတ်လပ်ခြင်း၊ လောကပါလတရားတွေကို အခြေခံပြီးတော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရည်ရွယ်ချက်မှာ ဆိုရင်လည်း နိုင်ငံသားတိုင်းပေါ့။ လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ ကျား၊ မ မရွေးပေါ့ တန်းတူအခွင့်အရေး ရရှိစေဖို့အတွက် ကျနော်တို့က အဓိကထားဆောင်ရွက်သွားပါ့မယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်ရင်လည်း ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်လည်း ကျနော်တို့ ဦးဆောင် ဆောင်ရွက်သွားပါ့မယ်။ နောက်တချက်ကတော့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်ရင်လည်း တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့၊ စောင့်ရှောက်နိုင်ဖို့၊ မြှင့်တင်ဆောင်ရွက်နိုင်ဖို့လည်း ကျနော်တို့ ဆောင်ရွက်သွားပါ့မယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ရင်လည်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ တရားမျှတစွာ ရရှိနိုင်ဖို့ ဆောင်ရွက်ပါ့မယ်။ ကလေးသူငယ်နဲ့ အမျိုးသမီးကဏ္ဍမှာလည်း တန်းတူအခွင့်အရေးရရှိဖို့ ဆောင်ရွက်သွားပါ့မယ်။ လူငယ်ကဏ္ဍနဲ့ ပတ်သက်ရင်လည်း လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်တွေရဲ့ ပညာသင်ကြားရေး ကိုလည်း တစိုက်မတ်မတ် ကျနော်တို့ အကောင်းဆုံး ဆောင်ရွက်သွားပါ့မယ်။ နောက် လူငယ်တွေရဲ့  တနိုင်ငံလုံးအနာဂတ်ကို ခြိမ်းခြောက်နေတဲ့ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးတွေကိုလည်း ကျနော်တို့ ပါတီအနေနဲ့ စွမ်းစွမ်းတမံဆောင်ရွက်သွားပါ့မယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်း အကျိုးတူပူးပေါင်းဆောင်ရွက်သွားပါ့မယ်လို့ အနည်းငယ်တင်ပြလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အခု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်မှိုင်းဆန်း ပါတီမိတ်ဆက်စကားလေး ပြောပေးပါအုံးရှင့်။ ဟုတ်ကဲ့။ ကျနော်ကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)  ကပါ။ ကျနော် နာမည်က အောင်မှိုင်းဆန်းပါ။ နာမည်အရင်းက ဦးဝင်းမော်ပါ။ ကျနော်တို့ပါတီ မိတ်ဆက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့ပါတီက ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာတဲ့ ပါတီလို့ပြောလို့ရပါတယ်။ ကျနော်တို့ ၁၉၈၈ အောက်တိုဘာလ ၁၄ ရက်နေ့ ကတည်းက ပါတီကို စတင်ထူထောင်ခဲ့တာပါ။ အဲ့ကာလကဆိုရင်  NLDပါတီပြီးရင် အင်အားအကြီးဆုံးပါတီ လို့တောင် ပြောလို့ရတယ်ပေါ့နော်။ ဒါပေမယ့် ၁၉၉၁ ဒီဇင်ဘာလ ၆ ရက်မှာတော့ အဲ့ဒီအချိန်က စစ်အစိုးရက ကျနော်တို့ပါတီကို တရားဝင်မှုကနေ ရပ်ဆိုင်းပြီးတော့ ဖျက်သိမ်းလိုက်တဲ့ အတွက် ကျနော်တို့ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ လွတ်မြောက်နယ်မြေမှာ သွားပြီးတော့ ပါတီဆက်လက်ရှင်သန်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ ဆက်လက်လှုပ်ရှားနေပါတယ်။ ဒီဘက်ခေတ် ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာအစိုးရနဲ့ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီးတော့ ၂၀၁၄ အောက်တိုဘာလ ၂၄ မှာ နိုင်ငံရေးပါတီ တရားဝင်ပါတီအနေနဲ့  ပြန်ပြီးတော့ ဆက်လက်ပြီးတော့ ရပ်တည်ရှင်သန်လှုပ်ရှားနေတာပါ။ ကျနော်တို့ပါတီရဲ့ အမှတ်တံဆိပ်က အနီရောင်အောက်ခံမှာ အဝါရောင်ကြယ်လေးလုံး တတန်းထဲတန်းထားတာပါ။ အဝါရောင်ကြယ်လေးလုံးဆိုတာက ကျနော်တို့ လူထုလူတန်းစား လေးရပ် အလွှာလေးရပ်ကို ဆိုလိုတာပါ။ တစ်ခုကတော့ အလုပ်သမား၊ နောက်တစ်ခုက လယ်သမား၊ နောက်လူလတ်တန်းစား၊ နောက်အမျိုးသားဓနရှင်ဆိုတဲ့ လူထုလူတန်းစားလေးရပ်ကို ကိုယ်စားပြုပြီးတော့ ကြယ်လေးလုံးကို ကျနော်တို့ရဲ့ အမှတ်တံဆိပ်အဖြစ် ဖော်ပြထားပါတယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ စိတ်ဓာတ်ပေါ့။ ကျနော်တို့ပါတီရဲ့ စိတ်ဓာတ်က “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ပဲဖြစ်ပါတယ်။ ကျနော်တို့ ပါတီမှာ လတ်တလောလုပ်ငန်းစဉ်တွေ ချမှတ်ထားတာ ရှိတယ်။ အဲ့ဒီထဲကမှ အရေးကြီးဆုံးနဲ့ ဦးစားပေးအနေနဲ့က နံပါတ် (၁) အနေနဲ့ လက်ရှိရှိနေတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနေရာမှာ ကျနော်တို့ဟာ ဒီမိုကရေစီရေးအရ တိုင်းရင်းသား လူမျိုးတွေရဲ့ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အနှစ်သာရအရအာမခံနိုင်တဲ့ ဖွဲ့စည်းပုံတစ်ခု ဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ခုက ရွေးချယ်ခံရတဲ့ အရပ်ဖက်အစိုးရရဲ့  အုပ်ချုပ်မှုအောက်မှာ တပ်မတော်ကို ထားရှိသွားဖို့ ကျနော်တို့ အစဉ်တစိုက် ကြိုးပမ်းသွားမယ်။ နောက်တစ်ခုက အလုပ်သမား၊ လယ်သမား လူထုလူတန်းစား အသီးသီးက သူတို့ရဲ့ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ကျနော်တို့ပါတီက သူတို့နဲ့ ဆက်စပ်ပြီးတော့ ဆောင်ရွက်သွားမယ်။ နောက်တစ်ခုကတော့ ကျနော်တို့ နိုင်ငံကို အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မယ့် ပြည်နယ်ပေါင်းစုပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်အောင် ကျနော်တို့ အလေးထားဆောင်ရွက် သွားပါ့မယ်။  ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ အခုလို ပါတီအသီးသီးက မိတ်ဆက်စကားပြောပေးသွားတဲ့ ဆရာတို့၊ ဆရာမတို့ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။  ဟုတ်ကဲ့ပါ။ ဒီကနေ့မှာတော့ အဓိကအနေနဲ့ အွန်လိုင်းကနေပြီး တိုက်ရိုက်မေးမြန်းကြမယ့် First Time Voters  လူငယ်တွေရဲ့ အမေးအဖြေ အစီအစဉ် စတင်တော့မှာဖြစ်ပါတယ်။ အရင်ဆုံးကတော့ မောင်လေး ပြည့်ဖြိုးကျော် မိတ္ထီလာကပေါ့နော်။ မောင်လေး မေးခွန်းလေး မေးပေးပါအုံးနော်။ ဟုတ်ကဲ့။ ကျနော်မေးချင်တာကပေါ့နော်။ နောက်တစ်ကြိမ်မှာပေါ့နော်။ အစိုးရ အာဏာရအစိုးရတက်ခဲ့ရင်ပေါ့နော်။ လက်ရှိအစိုးရလက်ထပ်မှာ အတည်ပြုထားတဲ့ လူငယ့်ရေးရာ ကော်မတီနဲ့ လူငယ့်ရေးရာမူဝါဒတွေကို အောင်အောင်မြင်မြင်နဲ့ အကောင်အထည် ဖော်နိုင်ဖို့အတွက်၊ ပြီးတော့ ကျေးလက်ကကော မြို့ ပြကကော လူငယ်တွေပါဝင်ပြီး လုပ်ဆောင်နိုင်ဖို့ ဆိုပြီးတော့မှ ထပ်ပြီးရေးဆွဲထားတဲ့ လူငယ့်ရေးရာမူဝါဒ မဟာဗျူဟာစီမံချက် ငါးနှစ်စီမံကိန်း အဲ့ဒါတွေကို အကောင်အထည်ဖော်နိုင်ဖို့ လူငယ်တွေအားလုံးအကျုံးဝင်စွာ ပါဝင်နိုင်ဖို့ဆိုရင်  ကျနော်တို့ မြေပြင်မှာဖြစ်နေသလို အစိုးရဌာန၊ သက်ဆိုင်ရာဌာနတွေ ဘယ်လိုမျိုးအချိုးညီညီနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လူငယ်တွေအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်အောင် မဟာဗျူဟာကိုဘယ်လိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို သိချင်တယ်ပေါ့နော်။ အဲ့ဒါကို ရှင်းရှင်းလင်းလင်းနဲ့လည်း သိချင်တယ်။ မြေပြင်မှာ လူငယ်တွေ တွေ့ရမယ့် အခက်အခဲတွေကိုကော ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို သိချင်တယ်ပေါ့နော်။  မောင်လေး ဘယ်ပါတီကို မေးချင်တာလဲ။  ဟုတ်ကဲ့။ ကျနော်က အနိုင်ရပါတီဆိုတော့ ဒီဟာကိုအဆင်ပြေတဲ့ ဆရာတို့က ဖြေပေးစေချင်ပါတယ်။  ဆိုတော့  ပြည်ဖြိုးကျော်မေးထားတဲ့ မေးခွန်းကို ကျနော်ကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုအောင်မှိုင်းဆန်း ဖြေပေးစေချင်ပါတယ် ခင်ဗျ။ ဟုတ်ကဲ့ပါ။ ပထမ တစ်ချက်ဝန်ခံချင်တာကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မဲဆန္ဒနယ်ဝင်ရောက်ယှဉ်ပြိုင်တာ အနည်းဆုံးပါတီထဲမှာပါတဲ့အခါကျတော့ အစိုးရဖွဲ့နိုင်မယ့် အနေအထားမှာမရှိဘူးပေါ့လေ။ ဒါပေမယ့် လူငယ်တွေနဲ့ ပတ်သက်တဲ့ ရေးရာကိစ္စတွေကတော့ ကျနော်ပါတီက အမြဲအလေးထားပါတယ်။ အဲ့တော့ လူငယ်ရေးရာမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရလက်ထက်ကတည်းက အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ဆောင်ခဲ့ကြတာ ရှိပါတယ်။ ဒါပေမယ့် လူငယ်မဟုတ်တော့ ထဲထဲဝင်ဝင် ပါဝင်ခဲ့ရတာမရှိဘူးပေါ့နော်။ သူတို့တွေ အားကြိုးမာန်တက်နဲ့ဖော်ဆောင်တယ်။ သဘောတူညှိနှိုင်းမှုတွေရခဲ့တာ တွေ့ခဲ့ရတယ်ပေါ့။ အဲ့တော့ ကျနော်တို့ကတော့ ဒီမူဝါဒတစ်ရပ် သဘောတူညီပြီ ပေါ်လာပြီဆိုရင် မူဝါဒကို စာအုပ်ထဲမှာပဲ စာရွက်ထဲမှာပဲ ရှိနေတာမျိုး မဖြစ်စေချင်ဘူးပေါ့။ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ လက်တွေ့ကျကျ အကောင်အထည်ဖော်တဲ့အခါမှာလည်း အစိုးရဆိုလို့ရှိရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဆက်စပ်ဝန်ကြီးဌာနတွေ အကုန်လုံးက ဒီမူဝါဒကို တကယ်ကို လက်တွေ့မြေပြင်မှာ အော်ပရေးရှင်းလုပ်နိုင်အောင် တကယ်ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဖို့လိုအပ်တယ်ပေါ့။ရှေ့မှာ ကျနော်မြင်သလောက်တော့ လုပ်ကိုင်ဆောင်ရွက်မှု တော်တော်လေး အားနည်းတယ်။ ပိုဆိုးတာက လူငယ်တွေကြားထဲမှာတောင်မှ လူငယ်အသင်းအဖွဲ့တွေကြားထဲ မှာတောင်မှ သဘောထားကွဲလွဲမှုတွေ ဖြစ်တဲ့အထိရင်ဆိုင်ခဲ့ရတာတွေလည်း ကျနော်တို့ မြင်တွေ့နေရတယ်ပေါ့။ ကျနော်တို့ ပါတီက အာဏာရပါတီတစ်ရပ် ဖြစ်လာမယ့်အနေအထား မဟုတ်တဲ့အတွက် ကိုယ်က ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာထက် အာဏာရပါတီတစ်ရပ်ရပ် ပေါ်လာပြီ ဘယ်ပါတီကပဲဖြစ်ဖြစ် ပေါ်လာပြီဆိုရင် လူငယ့်ရေးရာမူဝါဒတွေကို တကယ့်  အော်ပရေးရှင်းလုပ်နိုင်အောင် ကျနော်တို့ဘက်ကလည်း လူငယ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ဖော်ဆောင်ပေးသွားဖို့ ကျနော်တို့ကတော့ အဲ့လောက်ထိတော့ ကတိကဝတ်ပြုလို့ရပါတယ်။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါရှင့်။ အခုနောက်တစ်ယောက်ကတော့ ညီမလေး အိအိထွန်း။ ညီမလေး မေးခွန်းမေးလို့ရပြီနော်။  အားလုံးပဲမင်္ဂလာပါ။ တွေ့ရတာဝမ်းသာပါတယ်ရှင့်။ ကျမနာမည် အိအိထွန်းလို့ခေါ်ပါတယ်။ မန္တလေးတက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ်ကို နောက်ဆုံးနှစ် တက်ရောက်နေပါတယ်ရှင့်။ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားပြီးတော့ ကိုယ်တိုင်လည်း တက်ကြွလှုပ်ရှားနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ မေးချင်ပါတယ်ရှင့်။ ညီမ မေးမယ့်မေးခွန်းကတော့ USDP ပါတီကို မေးမှာပါရှင့်။ မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပျက်စီးယိုယွင်းမှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် သဘာဝသယံဇာတအရင်းအမြစ်တွေကို ထုတ်ယူတဲ့စီမံကိန်းတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်ကိုတွေ့ရတယ်။  အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးသဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေ ထုတ်ယူနေတဲ့စီမံကိန်းတွေ လူမှုပတ်ဝန်းကျင်မှာကော သဘာဝပတ်ဝန်းကျင်အပေါ်မှာပါ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်စေဖို့အတွက် လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိ၊မရှိ သိချင်ပါတယ်ရှင့်။ တဆက်တည်းအနေနဲ့ ဒီမေးခွန်းနဲ့ ဆက်စပ်ပြီး မေးလိုတာကတော့ ဒီလိုမျိုးသဘာဝသယံဇာတ အရင်းအမြစ်တွေကို ထုတ်ယူနေတဲ့ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို အောက်ခြေမြေပြင်မှာရှိနေတဲ့ ပြည်သူလူထုတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့အတွက် အစီအစဉ်ရှိမရှိ သိချင်ပါတယ်။ နောက်ဆုံးအနေနဲ့ အစ်မတို့  USDP  အနေနဲ့ ၂၀၂၀မှာ ဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေရှိရင် သိချင်ပါတယ်။ ကျေးဇူးပါ။  ဟုတ်ကဲ့ပါ။ USDP  က ဒေါ်ဝါဝါလှိုင် ဟုတ်ကဲ့။  မင်္ဂလာပါ ညီမလေး။ ညီမလေး မေးတဲ့မေးခွန်းအရမ်းကောင်းပါတယ်ပေါ့။ အစ်မတို့တွေ သဘာဝသယံဇာတ ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အစ်မ တို့တွေက အရင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှာကိုက သဘာဝဘေးအန္တရာယ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပြဌာန်းပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခုလည်း တကယ်လို့ အစ်မတို့တွေသာ အနိုင်ရခဲ့မယ် ဆိုရင် သဘာဝသယံဇာတ ထိန်းသိမ်းရေးဆိုတာ အစ်မတို့ပါတီမှ မဟုတ်ပါဘူး။ အစ်မတို့ နိုင်ငံတွင်းမှာရှိတဲ့ ပါတီတိုင်းနဲ့ ဆိုင်သလို အစ်မတို့ နိုင်ငံတွင်းမှာ သက်ရှိထင်ရှားရှိတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အဲ့ဒီတော့ အစ်မတွေမှာ တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားတွေ အားလုံးကနေပြီးတော့ သဘာဝသယံဇာတတွေအားလုံးကို အားလုံးကပူးပေါင်းဆောင်ရွက်မယ် ထိန်းသိမ်းကြမယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ အစ်မတို့တွေ မူဝါဒတွေ သဘာဝသယံဇာတတွေ ကာကွယ်ဖို့ရှိသလားဆိုတော့ အစ်မတို့တွေ ကာကွယ်ဖို့ ရှိပါတယ်။ အကုန်လုံးလည်း ပြင်ဆင်ထားပါတယ် ညီမလေး။ ကျေးဇူးတင်ပါတယ်။  ဟုတ်ကဲ့ပါ။ နောက်တစ်ယောက်က မောင်လေးစိုင်းလင်း။ မောင်လေး မေးခွန်းလေး မေးလို့ရပါပြီနော်။  ဟုတ်ကဲ့ ကျနော်မေးချင်တာကတော့။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မေးချင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျနော်တို့ အမြင်အာရုံမသန်စွမ်းတဲ့သူတွေအတွက် အကယ်၍သာ ဒီပါတီက အနိုင်ရရှိခဲ့မယ်ဆိုရင် အလုပ်အကိုင် အခွင့်အရေးအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ရှိလဲ ဆိုတဲ့မေးခွန်းကို မေးချင်ပါတယ် ခင်ဗျ။  ကျေးဇူးပါမောင်လေး။ ဟုတ်ကဲ့ အစ်မ ဒေါ်ဝါဝါလှိုင်ကပဲ ဆက်ပြီးဖြေပေးပါအုံး။  ကျေးဇူးတင်ပါတယ် မောင်လေး။ မောင်လေး မေးခွန်းကို အစ်မတို့ ဖြေကြားရမယ်ဆိုရင် အဓိကက အစ်မတို့တွေ စီစဉ်ထားတာရှိပါတယ်။ အဓိကက အားကစားမြှင့်တင်ရေးကဏ္ဍမှာ စီစဉ်ထားတယ်။ နောက်တခါ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတော့ အစ်မတို့ သင်တင့်မျှတတဲ့ လုပ်ငန်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ အစ်မတို့တွေ စီစဉ်ထားပါတယ်လို့ ပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။  မေးခွန်းမေးပေးသွားတဲ့ မောင်လေးတွေ၊ ညီမလေးတွေကိုကော ဖြေပေးသွားတဲ့ ပါတီအသီးသီးက ဖြေပေးသွားတဲ့ တာဝန်ရှိတဲ့သူတွေကိုကော ကျေးဇူးတင်ပါတယ်ရှင့်။ (အပိုင်း၂ ကိုဆက်လက်တင်ဆက်ပေးသွားဖို့ရှိပါတယ်။ )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024