ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိသည့် မြို့နယ် ၃ ခုအထိ ရှိလာ
DVB
·
October 27, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အများဆုံး ၂၀၀၀ ကျော်ရှိတဲ့ မြို့နယ် ပေါင်း ၃ မြို့နယ်ထိ ရှိလာပြီး ဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြောက်ဉက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေဖြစ်ကြပြီး ပိုးတွေ့လူနာဦးရေ ၂,၄၄၀ ယောက်၊ ၂,၂၈၀ ယောက်နဲ့ ၂,၁၈၉ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၄၆,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၆ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၄၆,၂၀၀ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၁၂၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၂၆,၀၀၇ ယောက် ရှိနေပါ တယ်။
အင်းစိန်မြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေကတော့ လူနာအရေအတွက် ၁,၉၉၄ ယောက်နဲ့ ၁,၉၂၈ ယောက်စီနဲ့ အသီးသီးရှိပြီး တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၄၂ ယောက် ရှိပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၃၄,၀၀၀ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ ရခိုင်ပြည်နယ်က ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၃ ဒသမ ၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။