Live
Home
ဆောင်းပါး
ရွေးကောက်ပွဲနှင့် လူငယ့်အသံ (ဆောင်းပါး)
DVB
·
October 27, 2020
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်တဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင် ၃၈ သန်းကျော်ရှိပြီး အသက် ၁၈ နှစ်ပြည့်လို့ ပထမအကြိမ်မဲပေးခွင့် ရှိမယ့် လူငယ် မဲဆန္ဒရှင်ပေါင်း ၅ သန်းပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်မယ့် လူငယ်မဲဆန္ဒရှင် အရေအတွက်ဟာ ၄,၈၀၀,၀၀၀ ကျော်ရှိပြီး အမျိုးသားဦးရေ ၂,၄၃၀,၀၀၀ ကျော်နဲ့ အမျိုးသမီး ၂၄၁၀,၀၀၀ ကျော်ရှိတာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စုစုပေါင်းလူဦးရေရဲ့ ၃၅ ဒသမ ၅၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အကြားမှာ ရှိတဲ့အတွက် မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူငယ်တွေ ဖြစ်နေပါတယ်။  ၂၀၁၇ နိုဝင်ဘာလက အတည်ပြုနိုင်ခဲ့တဲ့ လူငယ်ရေးရာ မူဝါဒမှာ အဓိကအားဖြင့် ကဏ္ဍ ၁၆ ခုနဲ့ ကဏ္ဍအလိုက် အကောင်အထည်ဖော်ရမယ့် အချက်တွေထဲမှာ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး ကင်းဝေးရေး၊ အားကစား၊ အလုပ်အကိုင်အခွင့်အလမ်း၊ ငြိမ်းချမ်းရေး၊ ဘဝလုံခြုံရေး၊ ကျား မ ညီမျှမှုရှိရေး စတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတလုပ်မယ်ဆိုရင်တော့ အသက် ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေကိုတော့ အသက် ၄၀ နှစ် ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အနည်းဆုံး အသက် ၂၅ နှစ် ရှိရမှာဖြစ်ပြီး အမျိုးသားလွှတ်တော် အတွက်ကတော့ အသက် ၃၀ နှစ် ရှိရမှာ ဖြစ်ပါတယ်။ Election Special: DVB’s Youth Debate ရွေးကောက်ပွဲ အထူးအစီအစဉ်အဖြစ် လူငယ်ရေးရာ မူဝါဒ ဆွေးနွေးပွဲကို ဒီမိုကရက်တစ် မြန်မာ့အသံက အောက်တိုဘာ ၂၄  ရက်နေ့ မနက်ကစီစဉ်ပြုလုပ်ခဲ့ပါတယ်။  ဒီအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLD၊ ပြည်သူ့ပါတီ၊  ရခိုင်အမျိုးသားပါတီ၊  ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ ၇ ပါတီကို ကိုယ်စားပြုတဲ့ လူငယ်တွေက သက်ဆိုင်ရာပါတီတွေရဲ့ လူငယ်ရေးရာ မူဝါဒတွေကို ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေထဲမှာ ပါတီတွေရဲ့ လူငယ်ရေးရာ မူဝါဒ၊ လူငယ်နဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊  မူးယစ်ဆေးဝါးပြဿနာ၊ ရာသီဥတုပြောင်းလဲမှု၊ ကျား မ တန်းတူရေး၊ မသန်စွမ်းသူများအရေး၊ LGBT လိင်စိတ်ခံယူမှု ကွဲပြားသူများ အရေးတွေ ပါဝင်ပါတယ်။ လူငယ်တွေရဲ့ ပါဝင်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး အပိုင်းအလိုက် ကောက်နုတ်ချက်တချို့ကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ လူငယ်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် “ ဒီမိုကရေစီစနစ် သွားနေတဲ့အခါမှာ ကျနော်တို့ ဆီမှာလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့အခါမှာ လူငယ်အားတွေ အများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ လူငယ်အားတွေပါဝင်ပူးပေါင်းမှ လူငယ်ရဲ့ အခန်းကဏ္ဍကို ကျနော်တို့ မြှင့်တင်ပေးတဲ့ ပါတီဖြစ်တဲ့အတွက် NLD ပါတီကို မဲပေးသင့်တယ်ဆိုတဲ့ မှတ်ချက် သဘောထားပေါ့နော်၊ ကျနော့်အနေနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။” (ကိုမိုင်းရဲကျော်သူ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)   “ပြည်သူ့ပါတီ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဟာလည်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ဖို့ အတွက်၊ နောက် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခန်းကဏ္ဍတွေကို ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက်၊ နောက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ၁၀၀ ရာခိုင်နှုန်း မဲဆန္ဒရှင် ပြည်သူတွေ ပိုင်တဲ့အဆင့်အထိ ရောက်အောင် ကြိုးစားသွားဖို့ သန္နိဌာန်ချပြီးတော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်” (ကိုမျိုးမင်းဇော်-လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်သူ့ပါတီ)   “ကျမတို့ ချင်းပါတီကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ရဲ့ အန္တိမ သုံးရပ်ရှိပါတယ်။ အဲဒါဘာလဲဆိုရင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ အန္တိမ သုံးရပ် ဖြစ်ပါတယ်။ ဆိုတော့ ကျမတို့ တိုင်းနဲ့ပြည်နယ် မခွဲခြားဘဲနဲ့ တန်းတူညီမျှ တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုလို့ရှိရင် ကျမတို့လူငယ်တွေရဲ့ အနာဂတ်ကလည်း တပြေးညီ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။” ( မိုင်ငွန်ဒီဆန်း -လူငယ်ဗဟိုကော်မတီရဲ့ ဘဏ္ဍာရေးမှူး၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)    “ရခိုင်အမျိုးသားပါတီအနေနဲ့ အင်အားအကြီးဆုံး လူငယ်တွေရဲ့ အခန်းကဏ္ဍကို တံခါးဖွင့်ပေးထားတဲ့ ပါတီကြီးတစ်ခုလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်ခင်ဗျ။ ကျနော်တို့မှာ ဗဟိုအဆင့်မှာရော လူငယ်တွေရဲ့ ပါဝင်လုပ်ဆောင်နိုင်ခွင့်တွေကို ရာခိုင်နှုန်းအလိုက် ကျနော်တို့ ထဲထဲဝင်ဝင် လုပ်ပိုင်ခွင့်တွေရှိတယ်။ နောက်တော့ အမျိုးသမီးရယ်၊ လူငယ်တွေရဲ့ အခန်းကဏ္ဍရယ်၊ နောက် မသန်စွမ်းတွေရယ်၊ LGBT တွေရဲ့ အခန်းကဏ္ဍကိုလည်း ကျနော်တို့ လမ်းဖွင့်ပြီးတော့ ထဲထဲဝင်ဝင်လုပ်နေတဲ့ လူငယ်တွေလည်း ရှိပါတယ်။” ကိုထွန်း၀င်းကျော်(လွှတ်တော် ကိုယ်စားလှယ်လောင်း၊ ရခိုင်အမျိုးသားပါတီ)   စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် “ကျနော်တို့ပါတီရဲ့ မဲဆွယ်စည်းရုံးရေးသတင်းစကားက ပိုမိုတောက်ပတဲ့ အနာဂတ်လို့ ပေးထားပါတယ်။ အဲဒီတော့ ဘယ်လိုတောက်ပတဲ့ အနာဂတ်တွေလဲပေါ့နော်။ ပြည်သူတွေအတွက်၊ လူငယ်တွေအတွက် လက်ရှိ အခြေအနေထက် စီးပွားဥစ္စာ ပိုမိုရှာဖွေလို့ လွယ်ကူတဲ့အနာဂတ်၊ ပိုမိုလုံခြုံတဲ့ အနာဂတ်။ နောက်၊ အခြေခံဥပဒေကပေးတဲ့ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်း အပြည့်အဝ ရစေရမယ့် အနာဂတ်။ လက်ရှိ အခြေအနေထက် ပိုမိုလွတ်လပ်ပွင့်လင်းပြီးတော့မှ ဖိနှိပ်ခြင်းတွေ၊ ကြောက်လန့်ခြင်းကင်းတဲ့ အနာဂတ်ပေါ့နော်။”  ကိုအောင်နိုင်လင်း (လွှတ်တော်ကိုယ်စားလှယ်လောင်း၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)   “ကျမတို့ နိုင်ငံမှာ အဓိက လတ်တလောမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေထဲမှာဆိုရင် လုပ်ခလစာ ပြဿနာတွေ ရှိပါမယ်။ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ လို့ သတ်မှတ်ထားရာက ကျမတို့ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် အနိမ့်ဆုံး လုပ်ခလစာကို ၁၀၀၀၀ အထိတက်ဖို့အတွက်ကို ကျမတို့ပါတီက စီစဉ် ဆောင်ရွက်ထားပါတယ်။” (ဒေါ်၀င့်ဝါထွန်း - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)   “ကိုဗစ်ကာလမှာ ပညာရေးက မူလတန်းကနေစပြီး တက္ကသိုလ်အဆင့်အထိကို လုံးဝကို ရပ်တံ့နေတယ်ပေါ့နော်။ ဒါက လုံးဝ ကျနော်တို့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ ဒါကိုလည်း ကျနော်တို့ စဉ်းစားပြီးတော့ လုပ်ဆောင်ခဲ့တယ်လို့ မြင်တယ်။ နောက်တစ်ခုကတော့ ကျနော်တို့ အလုပ်အကိုင်ကိစ္စ။ အလုပ်အကိုင်ကိစ္စကတော့ ဒီ ကိုဗစ်ကာလအပြီးမှာ မလွဲမသွေ ပါတီတွေကနေပြီးတော့ ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်လာမယ်လို့ ယူဆတယ်။”  (ကိုမျိုးမင်းဇော်-လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပြည်သူ့ပါတီ)   ကျားမ တန်းတူရေး၊ မသန်းစွမ်း၊ LGBT “ကျနော်တို့ပါတီ အာဏာရခဲ့ရင် အစည်းအဝေးတွေ၊ ပြီးတော့ လွှတ်တော်ပိုင်းမှာကော၊ ပြီးတော့ အစိုးရပိုင်းမှာကော ကျနော်တို့ပါတီအစည်းအဝေးမှာကော တကယ် ဆုံးဖြတ်ချက် ချမှတ်နိုင်ခွင့် အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရအောင်၊ မသန်စွမ်းညီအစ်ကို မောင်နှမတွေ အားလုံး ပါဝင်ခွင့်ရအောင် ကျနော် လေးလေးနက်နက် တင်ပြသွားပါမယ်လို့ ပြောချင်ပါတယ်။” (ကိုမိုင်း ရဲကျော်သူ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ )   “အလုပ်အကိုင်အခွင့်အလမ်းပေါ်ကို ကျားမ မခွဲခြားဘူး၊ လူငယ်တွေကို။ အလုပ်အကိုင် အခွင့်အလမ်း၊ သူတို့ရဲ့ စွမ်းဆောင်ရည်၊ သူတို့ရဲ့ ပညာတွေနဲ့ လိုက်လျောညီထွေတဲ့ဟာကို မခွဲခြားဘဲနဲ့ လစာတန်းတူညီမျှ ခန့်နိုင်တာမျိုး၊ ပေးနိုင်တာမျိုး၊ ဒါမျိုး ဆောင်ရွက်ပေးဖို့ လိုပါတယ်။” ကိုအောင်နိုင်လင်း (လွှတ်တော်ကိုယ်စားလှယ်လောင်း၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)   “မသန်စွမ်း၊ မသန်စွမ်းလို့ပြောမယ်ဆိုရင်လည်း မသန်စွမ်းထဲမှာ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရှိပါတယ်။ မသန်ပေမယ့် စွမ်းတဲ့လူငယ်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ဒီလိုမျိုး မသန်စွမ်းလူငယ်တွေကိုလည်း ကျမတို့အနေနဲ့က နေရာပေးမယ်။” (ဒေါ်၀င့်ဝါထွန်း - ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ)   “လူနည်းစုဖြစ်တဲ့ LGBT ပဲဖြစ်ဖြစ်၊ မသန်စွမ်းပဲဖြစ်ဖြစ် အားလုံးအတွက် ကျနော်တို့ ထိတွေ့မယ်၊ အသံနားထောင်မယ်၊ ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိပါတယ်လို့ပဲ ကျနော်ဖြေကြားချင်ပါတယ်။” ကိုအောင်နိုင်လင်း (လွှတ်တော်ကိုယ်စားလှယ်လောင်း၊  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)   ရာသီဥတု ပြောင်းလဲမှု “လူငယ်တွေအနေနဲ့က မိမိရဲ့၊ အထူးသဖြင့်ပေါ့နော်၊ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ဆိုင်တဲ့ဟာတွေပေါ့နော်။ နောက် ကျနော်တို့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆိုပြီးတော့ နိုင်ငံတော်အစိုးရက အကြွေးတွေယူတဲ့ နေရာတွေမှာ လူငယ်တွေရဲ့ အသံတွေ ပါဖို့လိုပါတယ်။ ဒီလိုမျိုးနေရာမှာ လူငယ်တွေ မပါဘူးဆိုရင် တချိန်မှာ ကျနော်တို့ လူငယ်တွေအနေနဲ့ မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောရေးဆိုခွင့် မရှိတော့သလို ဖြစ်သွားနိုင်ပါတယ်။” ကိုမော်ထွန်းအောင် (လွှတ်တော် ကိုယ်စားလှယ်လောင်း၊ရှမ်းတိုင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)  ဆွေးနွေးချက် အပြည့်အစုံကို DVB Debate ရဲ့ လူမူကွန်ရက်စာမျက်နှာ https://www.facebook.com/dvb.debate မှာ ကြည့်ရှုနိုင်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024