ဂရိ ရေနံတင်သင်္ဘောကို ဗြိတိန်အထူးတပ်ဖွဲ့ဝင်များ ပြန်ထိန်းချုပ်နိုင်

543
အင်္ဂလိပ်ရေလက်ကြားမှာ သင်္ဘောခိုးစီးသူတွေလိုက်ပါလာတဲ့ ဂရိရေနံတင်သင်္ဘောတစ်စီးကို ပြန်ထိန်းချုပ်နိုင်ဖို့ ဗြိတိန်အထူးတပ်ဖွဲ့ဝင်တွေက အင်အားသုံး စီးနင်းခဲ့ရတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။
နေ့ဗ်အန်ဒရိုမေဒါသင်္ဘောဟာ အောက်တိုဘာ ၂၅ ရက် မနက်က အင်္ဂလန်နယ် တောင်ဘက် ကမ်းရိုးတန်းမှာရှိတဲ့ ဆော့သ်သမ်တွန်ဆိပ်ကမ်းမှာ ကျောက်ဆူးချ ရပ်နားရမှာ ဖြစ်ပေမယ့် သင်္ဘောခိုးစီးသူတွေနဲ့ ပဋိပက္ခဖြစ်ပြီး ဆိုက်ကပ်နိုင်ခြင်းမရှိတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။
ဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်နိုင်ခြင်းမရှိတဲ့အတွက် သင်္ဘောသားတွေရဲ့လုံခြုံရေးကို ရဲတွေက စိုးရိမ်လာခဲ့ပြီး ဗြိတိန်အထူးတပ်ဖွဲ့ဝင်တွေက အင်အားသုံး စီးနင်းခဲ့ရပါတယ်။
ရေနံတင်သင်္ဘောပေါ်မှာ သင်္ဘောခိုးစီးသူတွေ အတော်များများက သင်္ဘောသားတွေနဲ့ အော်ကြီးဟစ်ကျယ် ငြင်းခုံကြချိန်မှာ အထူးတပ်ဖွဲ့ဝင်တွေက နှုတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်ခဲ့ရတယ်လို့ ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့က ပြောပါတယ်။
အင်အားနဲ့ ခြိမ်းခြောက်မှုတွေသုံးပြီး သင်္ဘောကိုထိန်းချုပ်ပြီးနောက်အမျိုးသား ၇ ယောက်ကို ဖမ်းထားတယ်လို့ ဟမ့်ရှိုင်းယား ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။
အခုတော့ ရေနံတင်သင်္ဘောဟာ ဆော့သ်သမ်တွန်မှာ ကျောက်ချထားပြီလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
သင်္ဘောခိုးစီးသူတွေက ဘယ်က လာတယ်၊ ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့အားလုံးဟမ့်ရှိုင်းယားက ရဲစခန်းတွေမှာ ရဲအချုပ်ထဲမှာ ရှိနေပြီး ဘာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ တိကျတဲ့ အခြေအနေကို သိရဖို့ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောသား အားလုံးနဲ့ မေးမြန်းနေတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေအားလုံး ဘေးကင်းတယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
ဒီနှစ်ထဲမှာ ပြင်သစ်ကနေ ဗြိတိန်ကမ်းရိုးတန်းကို ရောက်ဖို့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေ ထောင်ချီပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
သူတို့ဟာ မကြာခဏ ဆိုသလိုပဲ ရော်ဘာလေမှုတ်လှေတွေကို သုံးပြီး ကမ္ဘာ့မှာ သင်္ဘောတွေ အသွားများတဲ့ ရေလမ်းကြောင်းတခုကနေ ဖြတ်သန်းသွားဖို့ လူကုန်ကူးသူတွေကို ငွေပေး လုပ်ဆောင်လေ့ရှိကြတယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။