Homeမြန်မာသတင်း
သီတင်းကျွတ် မီးရှူး၊ မီးပန်း၊ ဗြောက်အိုး ထုတ်လုပ်ရောင်းချ၊ ပစ်ဖောက်သူများကို အရေးယူမည်
သီတင်းကျွတ် မီးရှူး၊ မီးပန်း၊ ဗြောက်အိုး ထုတ်လုပ်ရောင်းချ၊ ပစ်ဖောက်သူများကို အရေးယူမည်
DVB
·
October 27, 2020
အခုအချိန်အခါဟာ ကိုဗစ်ကာလလည်းဖြစ်ပြီး ရွေးကောက်ပွဲအကြိုလည်းဖြစ်တာကြောင့် လုံခြုံရေးကိုပိုလုပ်နေပြီး သီတင်းကျွတ်ကာလမှာ မီးရှူးမီးပန်တွေ ပစ်လွှတ်တာ၊ ဗြောက်အိုးဖောက်တာတွေ မလုပ်ကြဖို့ ရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။
အခုကာလဟာ ရွေးကောက်ပွဲအကြိုဖြစ်တာကြောင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေရပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပြည်သူလူထုကလည်း လိုက်နာဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မကြာမီရက်တွေမှာ ကျရောက်လာမယ့် သီတင်းကျွတ်ပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်ကို အကြောင်းပြုပြီး မီးရှူးမီးပန်းတွေပစ်လွှတ်တာ၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေပစ်ဖောက်တာတွေကြောင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေတာ၊ ပြည်သူလူထုနဲ့ ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေနိုင်တဲ့အပြင် မသမာသူတွေ၊ အဖျက်အမှောင့်လုပ်ချင်သူတွေကလည်း အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ ဖောက်ခွဲဖျက်ဆီးတာတွေ ရောနှော လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းတွေကို ထုတ်လုပ်တာ၊ သယ်ဆောင်ဖြန့်ဖြူး သိုလှောင်တာ၊ ရောင်းချတာ၊ ပစ်ဖောက်တာတွေ မလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင်တော့ တည်ဆဲဥပဒေအရ ထိထိရောက်ရောက် ထိန်းချုပ်အရေးယူမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။