စစ်တွေတွင် အမှုလိုက်ရှေ့နေက နယ်ပြောင်းစစ်ဆေးခွင့်လျှောက်
အေးနိုင်
·
July 25, 2013
စစ်တွေမြို့တရားရုံးမှာ မွတ်စလင်တွေရဲ့ ရှေ့နေက သူ့အပေါ် ပါတီခေါင်းဆောင်တယောက်က ဖိအားပေးခြိမ်းခြောက်လို့ ရန်ကုန်မှာပြောင်းပြီး စစ်ဆေးဖို့ တရားလွှတ်တော်ချုပ်မှာ တင်ပြလိုက်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်လို့ ဖြစ်ပွားတဲ့အမှုမှာ ဘင်္ဂါလီတွေဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးလှမျိုးမြင့်က သူ့ကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တာဝန်ရှိသူတဦးက ခြိမ်းခြောက်ဖိအားပေးတယ်လို့ ပြောပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းတုန်းက ဦးခိုင်ပြည်စိုးတို့က တရားရုံးအပြင်ကနေ အပြန်မှာ ကားဆီသွားမရအောင် လမ်းပိတ်ဆို့ခဲ့ကြောင်းနဲ့ တခြားလမ်းကနေအပြန် စစ်တွေဟိုတယ်ကို ရောက်တော့လည်း ဟိုတယ်ထိ လိုက်လာပြီး ဖိအားပေးခြိမ်းခြောက်တယ်လို့ ပြောပါတယ်။
“အာအန်ဒီပီက အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးအဖွဲ့က ကျနော်တို့ကို လာပြီး ၀ိုင်းတယ်။ နောက် စစ်တွေ ဟိုတယ် ကျနော်ကို ပြန်ပို့ပေးတာ ဘယ်သူက ပြန်ပို့ပေးသလဲဆိုတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံးက ဌာနေကိုယ်စားလှယ် ကားနဲ့ ကျနော်ပြန်ရတယ်။ ပြန်တော့ စစ်တွေဟိုတယ်ကို ရောက်သွားတယ်၊ နာရီဝက်ကျော်တဲ့အခါကျတော့ ဦးခိုင်ပြည်စိုးနဲ့ အဖွဲ့ ၇ ယောက်ကလာပြီးတော့ ကျနော့်ကို ဓာတ်ပုံရိုက်တယ်၊ စစ်တွေဟိုတယ်မှာ လာတွေ့တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော့်ကို ဒီမှုကို မလိုက်ဖို့ ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်ပြီးတော့ ဟိုတယ်ဝန်ထမ်းက လက်မခံဖို့ အကျပ်ကိုင်တယ်၊ ကျနော် ဒီမှုကို မလိုက်ရအောင်လို့ အကျပ်ကိုင်တယ်။ ကျနော် လာတည်းလို့ မရအောင် သူတို့ လုပ်တယ်။”
သူအနေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို စာနာကြောင်းနဲ့ ဒီကိစ္စကို အမှုဖွင့်တိုင်ကြားမှာမဟုတ်ကြောင်း ပြောပါတယ်။
ဒါကြောင့် ဒီအမှု ရန်ကုန်ကို ပြောင်းလဲစစ်ဆေးဖို့ တရားလွှတ်တော်ချုပ်ထံ ဒီလ ၁၈ ရက်နေ့က တင်ပြခဲ့ပြီး တင်ပြချက်ကို လက်ခံထားတယ်လို့ ဆိုပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဒီဗွီဘီက ဦးခိုင်ပြည်စိုးကို မေးမြန်းရာမှာ ခြိမ်းခြောက်တယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ သူတို့အနီးမှာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ဝင်တွေ၊ ရဲသတင်းတပ်ဖွဲ့လည်း ရှိနေတယ်လို့ ဖြေဆိုပါတယ်။
“ခင်ဗျာတို့မှာလည်း ရှေ့နေလိုက်ပိုင်ခွင့်ရှိတယ်။ ဒါတွေကိုတော့ ကျနော် မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ ရခိုင်တွေ၊ တိုင်းရင်းသားတွေ တရားစွဲဆိုခံရတုန်းက လူ့အခွင့်အရေးက ဘယ်ပုဂိုလ်မှ မလာပဲနဲ့ ဒီကျော်မြင့်ကျခါမှ လူ့အခွင့်အရေးကနေ လာပြီးတော့ ထိုင်စောင့်ပြီးတော့ တရားခွင်မှာ ဘာသာပြန်ခိုင်းနေတယ်ဆိုတာ ကျနော်တို့ တိုင်းရင်းသားတွေ ဘက်က ခံစားကြည့်သင့်တယ်ဆိုတဲ့ စကားကိုတော့ ကျနော်ပြောခဲ့ပါတယ်။ သူအနေနဲ့ ကျနော်တို့ ပြောတဲ့ဟာမှာ ခြိမ်းခြောက်တယ်လို့ မြင်လို့ရှိရင်လည်း ဒါသူတို့ ကျနော်တို့ပဲ သိမယ်။”
ဦးခိုင်ပြည်စိုး ပြောတဲ့ထဲမှာပါဝင်တဲ့ ဦးကျော်မြင့်ဆိုတာဟာ တရားစွဲဆိုခံရသူ မွတ်စလင်တဦးရဲ့ အမည်ဖြစ်ပါတယ်။
သူတို့အနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ မြို့နယ်အသီးသီးမှာ ရခိုင်တွေရော၊ ဘင်္ဂါလီတွေရော ရုံးထုတ်နေတာဖြစ်ပေမယ့် ကုလသမဂ္ဂလူ့အခွင့်အရေး ဌာနေကိုယ်စားလှယ်တဦးဟာ စစ်တွေတရားရုံးမှာသာ လာရောက်ပြီး ပြုမူချက်ဟာ တရားစီရင်ရေးကို နှောင့်ယှက်တာ ဟုတ်မဟုတ် မေးမြန်းတာလို့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်တုန်းကလည်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်စဉ်းစားဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောကြားတဲ့အပေါ် ဒီလ ၁၅ ရက်နေ့က ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ကန့်ကွက်ခဲ့ပါတယ်။
ဒီနှစ် ဧပြီလကုန်ပိုင်းက စစ်တွေ သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းတွင်း ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာလို့ ဖြည့်ခိုင်းရာက အစပြုလို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခဲနဲ့ပစ်ပေါက်တဲ့ ပြသနာတွေနဲ့ မွတ်စလင် ၆ ဦးကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်၊။ သူတို့တွေဘက်က ဦးလှမျိုးမြင့်က လိုက်ပါဆောင်ရွက်နေတာ ဖြစ်ပါတယ်။