သက်ကြီးရွယ်အိုများ အိမ်သားများနှင့် အချိန်ခွဲစားသောက်ရန် ကျန်းမာရေးဝန်ကြီး အကြံပြု
ပိုင်စိုး
·
October 26, 2020
နာတာရှည်ရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ တအိမ်တည်းနေသူတွေနဲ့ အချိန်ခွဲစားသောက်တာ၊ ခပ်ခွာခွာနေကြဖို့အတွက် ရပ်ကွက်တွေမှာ နှိုးဆော်ရမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
မနေ့ကလုပ်တဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေမှု အခြေအနေ အပတ်စဉ် ဆွေးနွေးပွဲမှာ ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါစတဲ့ နာတာရှည်အခံရောဂါ ရှိနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးသူအမျိုးသားတွေဖြစ်နေတာကို တွေ့ရပြီး သူတို့ဟာ အိမ်မှာပဲ နေကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရတဲ့ တအိမ် တည်းနေသူတွေဆီက တဆင့် ရောဂါ ကူးစက်ခံရနေရတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် နာတာရှည်ရောဂါရှိသူတွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ တအိမ်တည်းနေသူတွေနဲ့ ခပ်ခွာခွာနေထိုင်တာ၊ သီးခြား စားသောက်တာ၊ အချိန်ခြားစားသောက်တာနဲ့ ဖြစ်နိုင်ရင် သီးခြားအိပ်စက်တာတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြဖို့ မြို့နယ်၊ ရပ်ကွက်တွေမှာ လက်ကိုင်အသံချဲ့စက်တွေသုံးပြီး ကျယ်ကျယ် ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုတယ်လို့ ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူကို အစီရင်ခံတင်ပြရာမှာ အိမ်တွေမှာ ထမင်းလက်ဆုံစားတဲ့ဓလေ့ကို လတ်တလောမှာ ခဏ ရှောင်စေချင်တယ်လို့ ပြောဆိုထားပါတယ်။
ဝန်ကြီး ဒေါက်တာမြင့်ထွေးက အသွားအလာကန့်သတ်တဲ့နေရာတွေ၊ လတ်တလော အနံ့ပျောက်လက္ခဏာ ရှိသူတွေထားတဲ့ စင်တာတွေ၊ ဆေးရုံတွေနဲ့ ကိုဗစ်-၁၉ ကုသမှုဌာနတွေမှာ ရောက်တဲ့ မကူးစက်တတ်တဲ့ ရောဂါအခံရှိသူတွေ သောက်လက်စဆေးဝါးတွေ မပြတ်လပ်စေရေး အတွက် ဆေးတွေ ပို့ပေးထားပြီး ဆေးတွေ ရောက်၊ မရောက်၊ လူနာတွေ သောက်၊ မသောက်ကို ဆန်းစစ် သုံးသပ်ဖို့ကိုလည်း ပြောပါတယ်။
ပြီးတော့ ပုဂ္ဂလိက ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ ကုသနိုင်ဖို့အတွက် ဝန်ကြီးက ပြီးခဲ့တဲ့လကပဲ ခွင့်ပြုပေးထားခဲ့ပြီး အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပုဂ္ဂလိကဓာတ်ခွဲခန်း တွေမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာ၊ ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ လက်ခံကုသ ပေးဖို့အတွက် ညှိနှိုင်းထားတဲ့အကြောင်းကိုလည်း ဒီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။