Monday, June 5, 2023
HomeLead StoryCreed III ရုပ်ရှင်ကို မိုက်ကယ်ဘီဂျော်ဒန် ရိုက်ကူးသရုပ်ဆောင်ဖွယ်ရှိ

Creed III ရုပ်ရှင်ကို မိုက်ကယ်ဘီဂျော်ဒန် ရိုက်ကူးသရုပ်ဆောင်ဖွယ်ရှိ

ဟောလိဝုဒ်နောက်ဆက်တွဲရုပ်ရှင်ကားတကားဖြစ်တဲ့ Creed-III ကို သရုပ်ဆောင် မင်းသား မိုက်ကယ်ဘီဂျော်ဒန်က ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး ဒါရိုက်တာ အဖြစ်ပါ ရိုက်ကူးသွားဖို့ ဆွေးနွေးနေတယ်လို့ Deadline သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

Creed ရုပ်ရှင်တွေကတော့ အမေရိကန်လက်ဝှေ့အားကစား အခြေပြု Sports Drama အမျိုးအစားရုပ်ရှင်တွေဖြစ်ပြီး မိုက်ကယ်ဘီဂျော်ဒန်ဟာ ပြီးခဲ့တဲ့ Creed II ရုပ်ရှင် ကားထဲမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဆီဗက်စတာ စတားလုံးနဲ့အတူ ပါဝင် သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။

Creed II ရုပ်ရှင်ကားဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Creed ရုပ်ရှင်ရဲ့ နောက် ဆက်တွဲဖြစ်ကာ အမေရိကန် Sports Drama ရုပ်ရှင် Series Rocky Film Serires တွေရဲ့ ၈ ကားမြောက်အဖြစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

  ဒီကားထဲမှာတော့ ကြိုးဝိုင်းထဲမှာပဲ သေဆုံးသွားတဲ့ အမေရိကန် Boxing ချန်ပီယံ ဟောင်း Apollo Creed ရဲ့ သားဖြစ်တဲ့ Adonis Creed ဟာ သူ့ရဲ့အဖေကို အလဲထိုး အနိုင်ယူပြီး အသက်သေစေခဲ့တဲ့ ရုရှား Boxer Ivan Drago ရဲ့သား Victor Drago က ထိုး သတ်ဖို့ စိန်ခေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်မှုတွေနဲ့အတူ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။

ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Steven Caple Jr. က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. နဲ့ Annapurna Pictures တို့က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 ထိ ရရှိထားပြီး ဒီကားထဲက သရုပ်ဆောင်မှုတွေ အပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ခုတခါမှာတော့ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ရရှိခဲ့ ပြီး အောင်မြင်မှုရရှိခဲ့တဲ့ Creed II ရဲ့ နောက်ဆက်တွဲ တတိယမြောက်ရုပ်ရှင်ကရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဖန်တီးမှုတွေနဲ့ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular