Monday, June 5, 2023
HomeLead Storyနာပိုလီနှင့်ဘီနီဗန်တိုပွဲတွင် အပြန်အလှန်ဂိုးများ သွင်းယူနိုင်ခဲ့သည့် အင်ဆစ်ဂနီ ညီအစ်ကိုနှစ်ဦး

နာပိုလီနှင့်ဘီနီဗန်တိုပွဲတွင် အပြန်အလှန်ဂိုးများ သွင်းယူနိုင်ခဲ့သည့် အင်ဆစ်ဂနီ ညီအစ်ကိုနှစ်ဦး

အောက်တိုဘာ ၂၅ ရက်မှာ ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ ဘီနီဗန်တိုအသင်းတို့ရဲ့ စီးရီးအေ ပွဲစဉ်မှာ လော်ရန်ဇိုအင်ဆစ်ဂနီနဲ့ သူ့ညီဖြစ်သူ ရောဘတ်တိုအင်ဆစ်ဂနီတို့ဟာ တစ်ယောက် တသင်းစီမှာ ကစားခဲ့ပြီး ၂ ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ညီဖြစ်သူ ရောဘတ်တိုဟာ ဘီနီဗန်တိုအသင်းမှာ ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ သွင်းယူခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးသော စီးရီးအေ သွင်းဂိုးဖြစ်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အပျော်လွန်ကာ မျက်ရည်ပါ ကျခဲ့ရပါတယ်။ 

ရော်ဘတ်တိုက “ကျနော် အရမ်းပဲပျော်ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ ပထမဆုံး စီးရီးအေဂိုးက ကျနော့်အစ်ကိုရဲ့ အသင်းဘက်ကို ဖြစ်နေတာကြောင့် စိတ်မကောင်းလည်း ဖြစ်ရပါတယ်” လို့  ပြောပါတယ်။

ညီဖြစ်သူရဲ့ ဦးဆောင်ဂိုးကို အစ်ကိုဖြစ်သူ လော်ရန်ဇိုက ဒုတိယပိုင်းမှာ လှလှပပသွင်းယူကာ ပြန်လည်ချေပခဲ့ပါတယ်။

လော်ရန်ဇိုဟာ နာပိုလီအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာခဲ့ပြီး ပီတက်နာရဲ့ ဂိုးနဲ့ နာပိုလီအသင်းဟာ ဒီပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

အင်ဆစ်ဂနီ ညီအစ်ကိုနှစ်ဦးရဲ့ ပွဲစဉ်ဟာ စီးရီးအေသမိုင်းတလျှောက် ညီအစ်ကို နှစ်ယောက် အပြန်အလှန် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ 

အင်ဆစ်ဂနီတို့ ညီအစ်ကို နှစ်ဦးမတိုင်ခင် ဟန်ဂေရီ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ အစ်ဗန်နဲ့ ဖီရန့်နီရာတို့က ၁၉၄၉ ခုနှစ် အင်တာမီလန်နဲ့ လာဇီယိုတို့ပွဲစဉ်မှာ အပြန်အလှန် ဂိုးသွင်းခဲ့ကြတာ ဖြစ်ပါတယ်။

အင်ဆစ်ဂနီ ညီအစ်ကိုနှစ်ဦးမှာ ရော်ဘတ်တိုက သူ့ရဲ့ပထမဆုံးသော စီးရီးအေဂိုးကို ရရှိခဲ့တာ ဖြစ်ပေမဲ့ အစ်ကိုဖြစ်သူ လော်ရန်ဇိုကတော့ ပြိုင်ပွဲစုံသွင်းဂိုး ၉၂ ဂိုးနဲ့ နာပိုလီအသင်းအတွက် သွင်းဂိုး ၁၀၀ ပြည့်ဖို့ နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။ 

သူတို့ညီအစ်ကိုနှစ်ဦးစလုံးဟာ နေပယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ရော်ဘတ်တိုဟာ နာပိုလီအသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပေမယ့် ၆ ကြိမ်တိတိ အငှားချခံခဲ့ရပြီးနောက်မှာတော့ ဘီနီဗန်တို အသင်းကို အပြီးသတ် ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular