တံကောက်ကြောဒဏ်ရာကြောင့် ဂျူဗင်တပ်စ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကော်တင်ဟို လွဲချော်

တံကောက်ကြောဒဏ်ရာကြောင့် ကွင်းလယ်လူ ဖိလစ်ပီကော်တင်ဟိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ ဘာစီလိုနာအသင်းက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။  ကော်တင်ဟိုဟာ ပြီးခဲ့တဲ့နွေရာသီအစောပိုင်းကမှ ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ်လည်း ပြန်လည်ခြေစွမ်းပြနေပါတယ်။ သူဟာ ဘာစီလိုနာအသင်းကို ပေါင် ၁၄၂ သန်းနဲ့ လီဗာပူးအသင်းကနေ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပထမရာသီမှာ အသင်းနဲ့ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရကာ ပြီးခဲ့တဲ့ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းဆီကို အငှားထွက်ကစားခဲ့ရပါတယ်။ သူဟာ ဘိုင်ယန်အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဂျာမန်ကလပ်က သူ့ကို အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိပါဘူး။ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ  ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပြသစ် ရော်နယ်ကိုးမန်းက သူ့ကို ဆက်ထိန်းခဲ့ပါတယ်။  အဲဒီနောက် သူဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ဘာစီလိုအသင်းအတွက် ဒီရာသီ ၆ ပွဲ ကစားပြီး ၂ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းနေပေမယ့် သူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်နိုင်ခြေ ရှိနေတယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်ပါတယ်။ “တနင်္ဂနွေနေ့ ဆေးစစ်ချက်အရ ကော်တင်ဟိုဟာ ညာဘက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ တွေ့ရပါတယ်။ သူ ဘယ်လောက်နားရမယ်ဆိုတာက သူ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်” လို့ အသင်းက ထုတ်ပြန်ထားပါတယ်။  ဒါကြောင့် ကော်တင်ဟိုဟာ ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံမယ့် ဘာစီလိုနာရဲ့ ပွဲထွက်လူစာရင်းကနေ လွဲချော်ဖို့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ တွေ့ဆုံမှုဟာ ခေတ်ပြိုင် အကောင်းဆုံး ကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုအဖြစ်လည်း အားလုံးက သတ်မှတ်ထားပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဖာရန် ဘာရိုကဏ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး အုပ်စု G ရဲ့ ထိပ်ဆုံးနေရာကို ရရှိဖို့အတွက် ဂျူဗင်တပ်စ်အသင်းကို မရှုံးအောင် ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up