Home
မြန်မာသတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးနှင့် ငြိမ်းချမ်းရေးအဖွဲ့ တွေ့ဆုံမည်
နော်နိုရင်း
·
July 25, 2013
ငြိမ်းချမ်းရေးအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်) နဲ့ အစိုးရငြိမ်ချမ်းရေးအဖွဲ့တို့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့  ပီအက်စ်အယ်လ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ တာအိုက်ပုန်းက ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဒီလမကုန်ခင် တွေ့ဆုံနိုင်ဖို့ ရှိပြီး လက်ရှိမှာလည်း တွေ့ဆုံနိုင်ဖို့ နေရာဒေသ၊ လုံခြုံရေးနဲ့ ဆွေးနွေးမှုတက်ရောက်မယ့် ပုဂ္ဂိုလ်တွေရဲ့အမည်စာရင်းတွေကို ညှိနှိုင်းနေဆဲပဲလို့ ပြောပါတယ်။ “အကျိုးဆောင်လုပ်ပေးတဲ့လူနဲ့ ကျနော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးတော့ နေရာ ဒေသတွေရယ်၊ လုံခြုံရေးရယ်၊ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေရယ်၊ အဲဒါ အကျိုးဆောင်တွေကနေ တဆင့် ညှိနှိုင်းနေပါတယ်။ ဘယ်နေ့ ဘယ်အချိန်လောက် ဖြစ်မလဲဆိုတာတော့ အတိအကျ ပြောလို့မရသေးဘူး။ ဒါပေမယ့် ဦးအောင်မင်းဘက်က ပြောတာကတော့ ဒီလကုန် မဖြစ်ဖြစ်အောင် သူက ကြိုးစားမယ်လို့တော့ အကျိုးဆောင်ကနေ တဆင့် ပြောတာတော့ ရှိတယ်။” အစိုးရငြိမ်းချမ်းအရေးအဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံရေး၊ စစ်ရေးနဲ့ နယ်မြေပြဿနာတွေကို တင်ပြဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ “အဓိကတော့ အခုဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာ၊ စစ်ရေးပြဿနာ၊ ဒေသတွင်းပြဿနာ အဲဒါတွေ ဆွေးနွေးမှာပေါ့။ ဆွေးနွေးတယ်ဆိုတာတော့ နှစ်ဖက်စလုံးအပေါ်မှာ မူတည်ပြီးတော့ ဘာဆွေးနွေးမယ်ဆိုတာ စပြီးတော့ ညှိနှိုင်းမှာပေါ့လေ။  အဆင့်ဆင့်နဲ့ ဘယ်လိုသွားမလဲဆိုတာတော့ ဆွေးနွေးမှု အပေါ်မှာလည်း မူတည်ပါတယ်။ အဓိက ဒေသတည်ငြိမ်ရေးနဲ့ နိုင်ငံရေး ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိက ထားဆွေးနွေးမှာပါ။” ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (ပီအက်စ်အယ်လ်အက်ဖ်) ဟာ လက်ရှိ တပ်ရင်း ၇ ရင်းရှိပြီး တပ်သား ၂ ထောင်လောက်ရှိတယ်လို့ ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ကချင်၊ ကယား၊  ကရင်၊ ရှမ်း၊ မွန်နဲ့ ချင်း အစရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးတွေ ပြလုပ်ကြပေမယ့် ပလောင်နဲ့ကတော့ ဒါ  ပထမဆုံးအကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၁၀၁ နဲ့ အစိုးရတပ်တို့အကြား ရှမ်းပြည်နယ် မန်တုံမြို့နယ် ပန်ကန်ကျေးရွာနားမှာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024