Home
မြန်မာသတင်း
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လွိုင်ကော်တွင် အင်အားပြမဲဆွယ်
နော်နိုရင်း
·
October 25, 2020

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဝန်းရံထောက်ခဲ့သူ ၁၅၀၀ လောက် ဒီကနေ့ မနက် အင်အားပြ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ လွိုင်ကော်မြို့နယ်က ပြည်နယ်လွှတ်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၄ ဦး ပါဝင်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သူတို့ရဲ့ ပထမဦးဆုံး မဲဆွယ်စည်းရုံးပွဲမှာ လွိုင်ကော်မြို့နယ်တွင်းက ကျေးရွာ ၂၈ ရွာနဲ့ ရပ်ကွက် ၃ ခုမှာ နေထိုင်ကြတဲ့ ပအိုဝ်းလူမျိုးတွေ လာရောက်ဝန်းရံ လှည့်လှည်စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။

 လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာမှာ စတင်စုဝေးပြီး ပအိုဝ်းလူမျိုးတွေ အများစုနေထိုင်ရာ ကျေးရွာနဲ့ လွိုင်ကော်မြို့ပေါ်ကို လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ် လယ်ထွဲကျေးရွာကနေ လာရောက်ဝန်ရံတဲ့ ပအိုဝ်းလူငယ် ကိုသိန်းမောင်က “ဘာလိုဝန်းရံလဲဆိုတော့ ကျနော်တို့က ပအိုဝ်းမျိုးချစ်စိတ်ဓာတ်ရှိလို့ပေါ့ဗျာ။ ကျနော်တို့ ကယားပြည်နယ် လွိုင်ကော်မျာ ကျနော်တို့ ပအိုဝ်းရှိတယ်ဆိုတဲ့အကြောင်း ပြောပြချင်လို့ ဒီလိုမျိုး လိုက်ရတာပါ” လို့ ပြောပါတယ်။

လွိုင်ကော် ရွာတန်းရှည်ကျေးရွာကနေ လာရောက်ဝန်းရံတဲ့ မအေးသူဇာကတော့ မျိုးချစ်စိတ်နဲ့ လာရောက်ဝန်းရံတာလို့ ပြောပါတယ်။

“သမီးတို့က မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့အတွက် ဝန်းရံတာလည်းဖြစ်တယ်။ ကိုယ့်အမျိုး အတွက် ဂုဏ်တက်စေချင်တဲ့ အဲဒီဆန္ဒလည်း ပါတဲ့အတွက်ကြောင့် ဝန်းရံတာလည်းဖြစ်ပါတယ်။ ပအိုဝ်းပါတီ အနိုင်ရခဲ့ရင်တော့ မရရှိသေးတဲ့ အခွင့်အရေးလေးတွေပေါ့နော်။ အဲဒါတွေ ရရှိလာမယ်လို့လည်း ထင်တယ်။ နောက်ပြီး လုပ်ငန်းခွင် ဝင်ခဲ့ရင်လည်း ပိုပြီးတော့ အခွင့်အရေးပိုရမယ်လို့ ထင်မိပါတယ်။ ”

ကယားပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဥက္ကဋ္ဌလည်းဖြစ်၊ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဦးအုန်းဖေလေးကတော့ လွိုင်ကော်မြို့နယ်မှာ ပအိုဝ်းအမျိုးသား ၁၂၀၀၀ လောက်နေထိုင်တဲ့ အတွက် ဒေသခံ ပအိုဝ်းအမျိုးသားတွေရဲ့ ဝန်းရံမှုနဲ့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရတာလို့ ပြောပါတယ်။

“ပြောရမယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ်မှာ ပအိုဝ်းအမျိုးသားကလည်း လွိုင်ကော်မြို့နယ်မှာ အများဆုံးနေထိုင်ကြတယ်လေ။ ဒီးမော့ဆိုမှာဆိုလည်း တရွာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားအနေနဲ့ ဒီပါတီစုံဒီမိုကရေစီခေတ်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံရေးအသိပညာတွေ၊ ဒီမိုကရေစီဆိုတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်အောင်၊ စိတ်ပါဝင်စားမှုရှိလာအောင် ပါတီစုံ အခင်းအကျင်း ဒီထက်မက တိုးတက်အောင်မြင်လာအောင် ကျနော်တို့က ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်တာဖြစ်ပါတယ်။ ကျနော်တို့ပါတီ ငယ်ပေမယ့် အားမငယ်ပါဘူး။ ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်အမျိုးသားအားလုံးရဲ့ ဝိုင်းဝန်းအားပေးထောက်ခံမှုကို ကျနော်တို့ အဓိက အားယူပါတယ်။”

ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေနဲ့ လွိုင်ကော်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အဓိကပြိုင်ဘက်ဖြစ်နေတယ်လို့ ပြောပါတယ်။

“အန်အယ်လ်ဒီ ကျနော်တို့ ၂၀၁၅ တုန်းကတော့ အပြောင်းအလဲဆိုတဲ့ ကဏ္ဍနဲ့ ရှိတဲ့အားလုံးက သူ့ကို ဝိုင်းဝန်းပြီးမှ ပံ့ပိုးပြီးမှ ရွေးခဲ့ကြတာကိုး။ လက်ရှိအခြေအနေမှာ အခြားပါတီတွေကလည်း သူတို့ရဲ့ပါတီအောင်မြင်ဖို့အတွက် အသီးသီးက ရုန်းကန်လှုပ်ရှားလာပြီလေ။ အဓိကက ကျနော်တို့ ဒီဒေသခံပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကလည်း အားကောင်းလာတာကို တွေ့ရတယ်။ အဲခါကျတော့ လက်ရှိကျနော်တို့ ၂၀၁၅ တုန်းက ဝိုင်းရံခဲ့ကြတဲ့ အန်အယ်ဒီပါတီက အားလျော့သွားမယ်လို့ ကျနော်တို့ အဲဒီလိုပဲထင်တယ်။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟာ ၂၀၁၀ ခုနှစ်က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရှိထားပြီး ပါတီဗဟိုရုံးချုပ်က ရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိပါတယ်။ ပြည်ထောင်စုတဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားတဲ့ပါတီလည်းဖြစ်ပါတယ်။

яндекс

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024