ပိုလန်နိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက် ဆန့်ကျင်ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ပိုလန်နိုင်ငံ မြို့တော်ဝါဆောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို အောက်တိုဘာ ၂၄ ရက်က ပြည်သူထောင်ချီ ဆန္ဒပြခဲ့ကြပြီး ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ရပါတယ်။  ပိုလန်သမ္မတ အန်ဒရေဒူဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အာဏာပိုင်တွေ က သတင်းထုတ်ပြန်ထားပါတယ်။  ပိုလန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု သိသိသာသာ မြင့်တက်နေပြီး အောက်တိုဘာ ၂၃ ရက်မှာတော့ နေ့စဉ်အသစ်ကူးစက်ခံ အတည်ပြု လူနာဦးရေဟာ စံချိန်တင်မြင့်တက်ပြီး ၁၃၆၃၂ ယောက်ထိ ရှိခဲ့ပါတယ်။  ဒါကြောင့် ကန့်သတ်ချက်အသစ်တွေကို အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ပါးစပ်နှာခေါင်းစည်း မဝတ်ထားတဲ့သူတွေက ကန့်သတ်ချက်တွေ မလိုကြောင်း၊ အလုပ်လုပ်ကြစို့၊ ကိုယ်တိုင် ဆုံးဖြတ်ကြစို့ စတဲ့စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာပါ။  ရဲတွေက နေရာအတော်များများမှာ မျက်ရည်ယိုဓာတ်ငွေ့ သုံးတာအပါအဝင် အင်အားသုံး လူစုခဲ့ကြပါတယ်။  ကပ်ဘေးကာလမှာ ဆန္ဒပြတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားပြီး  ဆန္ဒပြသူတွေထဲမှာ တချို့က ရန်လိုတယ်လို့ ဝါဆောရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ လက်ရှိ အာဏာရအစိုးရဟာ ကူးစက်ကပ်ဘေး ဒုတိယလှိုင်းအတွက် လုံလောက်အောင် ပြင်ဆင်မထားဘူးလို့ အတိုက်အခံတွေက ဝေဖန်တာကို ခံနေရပါတယ်။ လတ်တလော ထင်မြင်ချက် စစ်တမ်းတွေမှာလည်း အစိုးရနဲ့သမ္မတကို ထောက်ခံမှု ကျဆင်းနေပါတယ်။ အောက်တိုဘာ ၂၄ ရက်မှတင် ဗိုင်းရပ်စ် ကူးစက်ခံသေဆုံးသူဦးရေ ၁၇၉ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပိုလန်နိုင်ငံမှာ အောက်တိုဘာ ၂၄ ရက်အထိ ကူးစက်ခံစုစုပေါင်း  ၂ သိန်း ၄ သောင်း ၂ ထောင်နီးပါး ရှိပြီး ကူးစက်ခံသေဆုံးသူ စုစုပေါင်း ၄၃၅၁ယောက် ရှိနေပါပြီ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up