Live
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့်ရဲတပ်သားအား ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့မှု ၁ လကျော်ကြာမှသိရဟု မိသားစု ပြော
DVB
·
October 25, 2020
အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ရဲတပ်သား ၁ ဦးကို ရဲတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး အကြမ်းဖက်ဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်ထားတာ ၁ လကျော်အကြာမှ သိရတယ်လို့ မိသားစုက ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ရဲကိုနိုင်ဆိုသူဟာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ဇူလှိုင် ၂၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စက်တင်ဘာ ၉ ရက်နေ့မှာ ရဲတရားရုံးကနေပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာပါ။ အခုလို ထောင်ဒဏ်အမိန့်ချမှတ်တာကို မိသားစုဝင်တွေအား ပြောဆိုဆက်သွယ်မှုမရှိခဲ့ဘဲ အောက်တာဘာ ၁၈ ရက်နေ့ကမှ သိရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ထပ်မံအမှုဖွင့်ခံထားရတယ်လို့ အစ်မဖြစ်သူ မခင်မီမီအောင်က ပြောပါတယ်။ “ကျမရဲ့ မောင်လေးကို စက်တင်ဘာ ၉ ရက်နေ့က ရဲတရားရုံးက ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်ဆိုပြီး အောက်တိုဘာ ၁၈ ရက်နေ့ညမှာ အကျဉ်းထောင်ဝန်ထမ်း ၁ ဦးက ဆက်သွယ်ပြောဆိုလာလို့ မိသားစုတွေ သိခွင့်ရတယ်၊ ဘာပုဒ်မတွေနဲ့ အမိန့်ချတယ်ဆိုတာလည်း အတိအကျမသိရဘူး၊ အမိန့်ချတာတောင် တစ်လကျော်ကြာပြီးမှ သိရတယ်၊ ကျမမောင်လေးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေလည်း မသိလိုက်ဘူး။ ကျမတို့ ဖုန်းဆက်ပြောတော့ သူက လိုက်လံစုံစမ်းမှ ထောင်ချလိုက်တာ ဟုတ်တယ်ဆိုပြီး ပြန်ပြောတယ်။ ကျမမောင်ကို အရပ်ဘက်တရားရုံးမှာလည်း အကြမ်းဖက်ဥပဒေတွေနဲ့ ထပ်ပြီး အမှုဖွင့်လှစ်ထားတယ်။ အခုလို အမိန့်ချမယ်ဆိုရင်လည်း မိသားစုကိုတော့ အကြောင်းကြားသင့်တာပေါ့။ အခုက သူများပြောမှသိရတာဆိုတော့ ကျမတို့ကတော့ ပွင့်လင်းမြင်သာမှု ရှိစေချင်တာပေါ့။” ရဲတပ်သား ရဲကိုနိုင်ဟာ ရဲစည်းကမ်းထိန်းရေးဥပဒေကို ချိုးဖောက်တာကြောင့် ရဲတရားရုံးကနေပြီးတော့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာလို့ ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ပြောပါတယ်။ “ရဲကိုနိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးနဲ့ ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီးတော့ ရဲတရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာ၊ ၃ နှစ် ချလိုက်တာပါ၊ နယ်ဘက်တရားရုံး မဟုတ်ဘူး၊ စစ်ဆေးပေါ်ပေါက်လို့ပေါ့။” ကျောက်ဖြူမြို့နယ်မှာ ၂၀၂၀ မေလနောက်ပိုင်းကစပြီး အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခံရသူ ၅၀ လောက်ရှိပြီး တချို့ကို ပြန်လည်လွှတ်ပေးခဲ့ကာ အမှုဖွင့်လှစ် တရားစွဲဆိုခံနေရသူက ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ သတင်း - နောင်နောင် 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024