၄၈ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်ကို ပိုင်ဆိုင်ခဲ့သည့် မန်ယူနိုက်တက်

ချဲလ်ဆီးအသင်းနဲ့ ပွဲအပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၄၈ နှစ်အတွင်း အိမ်ကွင်း အဆိုးရွားရလဒ်နဲ့ စတင်မှုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲက ဂိုးမရှိ သရေရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ အိမ်ကွင်း ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ ဒီရာသီအစ ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် အဝေးကွင်းပွဲစဉ်တွေမှာ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံအတွက် အနိုင်ရလဒ် ရှာဖွေနိုင်ခဲ့ပေမယ့် နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ တွေ့ဆုံမှုမှာတော့ အိမ်ကွင်းမှာတင် ၆ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဆိုးလ်ရှားဟာ နယူးကာဆယ်၊ ပီအက်စ်ဂျီအသင်းတို့ကို အနိုင်ကစားခဲ့ကာ ဒီအရှုံးကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ တွေ့ဆုံရာမှာတော့ ပြဿနာများစွာရှိနေတဲ့ ချဲလ်ဆီးခံစစ်က ရှားရှားပါးပါး clean sheet ရယူကာ ၁ မှတ်ပဲ ရရှိခဲ့ပါတယ်။  ဒါကြောင့် ယူနိုက်တက်အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေကနေ ရရှိနိုင်တဲ့ ၉ မှတ်မှာ ၈ မှတ်အထိ ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းအဖွင့်ပွဲစဉ်တွေရဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့်အိမ်ကွင်းပွဲစဉ် ၂ ခုမှာ လိုက်ပစ်ဇ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြင် အာဆင်နယ်အသင်းကိုလည်း ဧည့်ခံကစားရမှာဖြစ်တာကြောင့် အိမ်ကွင်း အမှတ်လျော့မှုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ပိုင်း ယူရိုပါလိဂ်မှာ ကစားခဲ့ရတာကြောင့် တခြား ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထက်စာရင် ရာသီသစ်ကို နောက်ကျမှ စတင်ခဲ့ရကာ ပရီးမီးယားလိဂ် ပွဲကျန် ၁ ပွဲကိုလည်း ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ လက်ရှိအချိန်အထိ အဆင့် ၁၅ မှာပဲ ရှိနေခြင်းကတော့ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ သိသိသာသာ ခြေစွမ်းတိုးတက်လာတဲ့ ယူနိုက်တက်အသင်း လိုချင်နေတဲ့ ရလဒ်မဟုတ်တာတော့ သေချာပါတယ်။  ပရီးမီးယားလိဂ်ဟာ ကာလရှည်ပြိုင်ပွဲဖြစ်တာကြောင့် လက်ရှိအချိန်မှာ ချန်ပီယံဖြစ်ဖို့၊ ထိပ်သီး ၄ သင်းကို အဆုံးအဖြတ်ပေးဖို့ စောနေသေးပေမယ့် ရာသီကုန်မှာ ရလဒ်ကောင်း လိုချင်တယ်ဆိုရင်တော့ ဆိုးလ်ရှားနဲ့ အသင်းသားတွေကို နိုင်ပွဲတွေကို အခုထက်ပိုပြီး လိုအပ်မှာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up