ကယားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
October 24, 2020
ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။
အတည်ပြုလူနာတွေဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး မနေ့က အတည်ပြုလူနာနဲ့ ထိတွေ့ထားသူတွေလို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။
"မနေ့က တယောက်တွေ့တော့ အဲဒီအဆောင်မှာပဲ ကွာရန်တင်းဝင်နေတဲ့သူတွေကော၊ တခန်းတည်းကလူပေါ့။ ရန်ကုန်ကပြန်တဲ့သူတွေပဲ ကျန်နော်တို့ အကုန်စစ်လိုက်တယ်။ စစ်တော့ အဲဒီမှာ ၁၅ ယောက်စစ်တာ ၃ ယောက် positive ထွက်တယ်။"
မနေ့က ပိုးတွေ့လူနာနဲ့ တခန်းတည်း အတူနေတဲ့ အမျိုးသမီးနဲ့ နောက်ထပ်အမျိုးသား ၂ ဦးကတော့ ပိုးတွေ့လူနာနဲ့ မိတ်ဆွေတွေဖြစ်ပြီး လာစကားပြောရာကနေ ကူးစက်မှုဖြစ်ပွားခဲ့တာလို့ ယူဆရကြောင်းလည်း ပြောပါတယ်။
"သူက တခန်းတည်း အတူနေတဲ့အခါကျတော့ အဲဒီလိုကူးတယ်လို့ပဲ ယူဆရတာပေါ့လေ။ ဒါပေမယ့် ပြောလို့တော့ မရဘူးပေါလေ။ ရန်ကုန်ကလာတော့ ပါလာတာလည်းဖြစ်နိုင်တယ်။ ဒီရောဂါအခြေအနေက အပြတ်ပြောနိုင်တဲ့ အနေအထားမရှိဘူး။ တယောက်နဲ့တယောက်ကတော့ မျက်နှာချင်းဆိုင်စကားပြောတာ ၁၅ မိနစ်ထက် စကားပြောရင် ရောဂါပိုပြီးကူးစက်ဖို့ အခွင့်အရေးများပါတယ်။"
မနေ့က ပိုးတွေ့လူနာနဲ့ ဒီကနေ့ ပိုးတွေ့လူနာတွေဟာ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာနေထိုင်သူတွေ ဖြစ်ကြတယ်လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။
သူတို့အားလုံးကို လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားပြီး အားလုံးကျန်းမာရေးကောင်းမွန်တယ်လို့ ပြောပါတယ်။
ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ပထမဆုံး ၁ ဦးတွေ့ရှိခဲ့ပြီး မနေ့က နောက်ထပ် ၁ ဦးတွေ့ရှိခဲ့ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ၃ ဦးတွေ့ရှိတဲ့အတွက် ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၃၇၈၈ ယောက်၊ သေဆုံးသူ ၁၀၆၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၃၇၀၈ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။