Homeမြန်မာသတင်း
ပုသိမ်မြို့တွင် လူစုလူဝေးဖြင့် လှည့်လည်အင်အားပြခဲ့သည့်ခေါင်းဆောင် ၂၂ ဦးကို အမှုဖွင့်စစ်ဆေး
ပုသိမ်မြို့တွင် လူစုလူဝေးဖြင့် လှည့်လည်အင်အားပြခဲ့သည့်ခေါင်းဆောင် ၂၂ ဦးကို အမှုဖွင့်စစ်ဆေး
DVB
·
October 24, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ Stay at Home ကာလ အင်အားကြီးပါတီ ၂ ခုကို လူစုလူဝေးနဲ့ ဝန်းရံထောက်ခံအင်အားပြရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ၂၂ ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ အမှုဖွင့်စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က ပါတီထောက်ခံဝန်းရံသူ ခေါင်းဆောင်တွေကို အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ခေါ်ယူစစ်ဆေးတာတွေပြုလုပ်ပြီး ခေါင်းဆောင် ၁ ဦးကို အာမခံ ၂ ဦးစီနဲ့ ခံဝန်လုပ်ကာ အာမခံပေးခဲ့တာလို့ ပုသိမ်မြို့က အင်အားပြယာဉ်တန်း ခေါင်းဆောင်သူ ၁ ဦးဖြစ်တဲ့ ကိုချစ်စန်းမောင်က DVB ကိုပြောပါတယ်။
“အမှုနဲ့ပတ်သက်ပြီး ဒီနေ့ စစ်ဆေးတာတွေ ပြုလုပ်ပါတယ်၊ အာမခံရပါတယ်။ တရားစွဲတင်တဲ့အခါ တရားရုံးမှာ သွားရောက်ဖြေရှင်းရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လူစုလူဝေးနဲ့ လှည့်လည်ထောက်ခံခဲ့တဲ့အပေါ် တရားစွဲတင်တာနဲ့ပတ်သက်ပြီး ကျေနပ်သလို ဘယ်လိုအနေထားမျိုးမှာဖြစ်စေ ကျောသား ရင်သားမခွဲခြားဘဲ ခုလို့ အရေးယူတဲ့အပေါ် အစိုးရကို ပိုယုံကြည်တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ အောက်တိုဘာ ၁၇၊ ၁၈ နဲ့ ၁၉ ရက်နေ့တို့က အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ကို ထောက်ခံဝန်းရံသူတွေက မြို့တွင်း လူစုလူဝေးနဲ့ အင်အားပြ လှည့်လည်ခဲ့တာနဲ့ပတ်သက်ပြီး ခေါင်းဆောင် ၂၂ ဦးကို အမှုဖွင့်စစ်ဆေးခဲ့တာပါ။
ခေါင်းဆောင်ခဲ့သူ ၂၂ ဦး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွေနဲ့ အမှုဖွင့်ခံရပြီး တရားရင်ဆိုင်ရမယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒီနေ့ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ပါတယ်၊ အမှုဖွင့်ထားတဲ့အတွက် စစ်ဆေးတာပါ၊ ပြီးတော့ အာမခံ ခံဝန် လူ ၂ ယောက်စီယူပြီး ပေးလိုက်ပါတယ်၊ တရားစွဲရင်တော့ သူတို့ လာရောက်ဖြေရှင်းရမှာပါ” လို့ DVB ကိုပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုမြင့်တက်နေချိန်မှာ နိုင်ငံအတွင်း ပါတီထောက်ခံသူတွေ လူအင်အားရာထောင်ချီကာ လှည့်လည်မှုတွေ ရှိပေမဲ့ တရားစွဲဆိုတာကတော့ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ပထမဆုံးလည်း ဖြစ်ပါတယ်။
မင်းထက်မုန်း(ပုသိမ်)