Home
ဆောင်းပါး
ထွေ/အုပ် ပြုပြင်ပြောင်းလဲရေး ထိရောက်သလား (ဆောင်းပါး)
DVB
·
October 24, 2020
မြန်မာနိုင်ငံမှာ လတ်တလော အရေးတကြီးကိစ္စ နှစ်ရပ်ဖြစ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနဲ့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကိစ္စနှစ်ရပ်လုံးနဲ့ ထဲထဲဝင်ဝင် ပတ်သက်နေရတဲ့ အစိုးရဌာနဟာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖြစ်ပါတယ်။ ဒါဟာ မကြာသေးခင်ကပဲ အရပ်ဘက် အုပ်ချုပ်ရေးအောက် ပြောင်းရွှေ့ရောက်ရှိလာတဲ့ ထွေအုပ်ဌာနရဲ့ ပြောင်းလဲနိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းစုစုပေါင်း ၃၆,၀၀၀ နီးပါးနဲ့ ဖွဲ့စည်းထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ အုပ်ချုပ်ရေးယန္တရားမှာ အဓိက ကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ အတိုင်း ပြည်ထောင်စုနယ်မြေ ဖြစ်တဲ့ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်း (၁၄) ခု၊ ခရိုင် (၇၅) ခု၊ မြို့နယ် (၃၃၀)၊  ရပ်ကွက် ကျေးရွာ၊ အုပ်စု (၁၇၀၅၇) အထိ ဖြန့်ကြက်ထိတွေ့ထားတဲ့ဌာန ဖြစ်ပါတယ်။ “တခြား မည်သည့်ဌာနမှ ထွေအုပ်ကဲ့သို့ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားနိုင်ခြင်း မရှိပါ။ တပ်မတော်သည်ပင်လျှင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား ထွေအုပ်ကဲ့သို့ ဖြန့်ကျက်ထိတွေ့ထားနိုင်ခြင်း မရှိပါ” လို့ ကြည်ပြာချစ်စောနဲ့ မက်သယူးအာနိုးလ်တို့ရဲ့ လေ့လာချက်စာတမ်း (မတ်လ ၂၀၁၅) မှာ သုံးသပ်ဖော်ပြထားပါတယ်။ ထွေအုပ်ရဲ့ နောက်ခံသမိုင်းကြောင်းကိုပြန်ကြည့်ရင် ဗြိတိသျှကိုလိုနီအစိုးရလက်ထက်မှာ ရှိခဲ့တဲ့ ဝန်ရှင်တော်မင်းကြီး၊ ဒုတိယဝန်ရှင်တော်မင်းကြီး၊ ခရိုင်ဝန်၊ ဝန်ထောက်၊ သူကြီး စသဖြင့် ဆင့်ကဲ အုပ်ချုပ်ရေးစနစ်ကို တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပါလီမန်ခေတ်၊ အိမ်စောင့် အစိုးရခေတ်တို့မှာ အုပ်ချုပ်ရေးစနစ် အဆင့်ဆင့် ပြောင်းလဲခဲ့ပြီး ၁၉၈၈ မှာ စစ်တပ်က အာဏာသိမ်းလိုက်နောက်ပိုင်းမှာတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြန်လည်ဖွဲ့စည်းပါတယ်။ ဒါကြောင့် လက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ငြိမ်/ပိ လက်ထက်က စတင်အခြေပြုလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ထွေအုပ်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် စစ်အစိုးရရဲ့ အဆင့်ဆင့် ဒေသန္တရ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ထောက်တိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ထွေအုပ်ရဲ့ အဓိက တာဝန်တွေအဖြစ် မြို့ပြအုပ်ချုပ်ရေး၊ ကျေးလက် အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေး၊ မြေယာနှင့် ယစ်မျိုးခွန် စတဲ့ အခွန်ရပ်ရပ် ကောက်ခံခြင်းအပါအဝင် တခြား တာဝန်၀တ္တရားတွေကို ထမ်းဆောင်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း ထွေအုပ်ဌာနဟာ ပြည်ထောင်စုအစိုးရနဲ့ ဒေသန္တရ အုပ်ချုပ်ရေး အဆင့်ဆင့်အကြား အဓိက အချိတ်အဆက် ဖြစ်ပါတယ်။ ၂၀၁၀ မှာ ပြဋ္ဌာန်းခဲ့တဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေမှာလည်း ထွေအုပ် လုပ်ပိုင်ခွင့်တွေကို ဖော်ပြထားပါတယ်။ ၂၀၀၈ နောက်ပိုင်းကစလို့ ထွေအုပ်ရဲ့ လုပ်ပိုင်ခွင့်တွေ များပြားလာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ တပ်မတော် အရာရှိတွေ ပါဝင်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးစနစ် (နအဖ ကောင်စီ အဆင့်ဆင့်) ကို ဖျက်သိမ်းလိုက်တဲ့အခါမှာ ထွေအုပ်ရဲ့ အရေးပါမှုနဲ့ အခွင့်အာဏာတွေ ထင်ရှားလာခဲ့တယ်လို့ ကြည်ပြာချစ်စောနဲ့ မက်သယူးအာနိုးလ်တို့ရဲ့ လေ့လာချက်စာတမ်း (မတ်လ ၂၀၁၅) မှာ သုံးသပ်ဖော်ပြထားပါတယ်။ ဒီနောက်ပိုင်း ထွေအုပ်ရဲ့ တာဝန်ထွေထဲမှာ “မူလတာဝန်”နဲ့ စနစ်သစ်ကြောင့် ပေါ်ထွက်လာတဲ့ “တာဝန်သစ်များ” ဆိုပြီး လေ့လာချက်စာတမ်းမှာဖော်ပြပါတယ်။ မူလတာဝန်တွေထဲမှာ ယစ်မျိုးစီမံခန့်ခွဲမှု၊ မြေစီမံခန့်ခွဲမှု၊ပစ္စည်းစီမံခန့်ခွဲမှု၊ နယ်နိမိတ်ပြဿနာများ၊ မြေခွန်နှင့် တခြားယစ်မျိုးခွန်၊ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်များ၊ မြေသိမ်းကိစ္စရပ်များ၊ သဘာ၀ဘေးအန္တဂာယ် ပြင်ဆင်ခြင်း၊ ငွေစာရင်း စီမံခန့်ခွဲခြင်း၊ မြို့နယ်ပြန်တမ်းများ စသဖြင့် ပါဝင်ပါတယ်။ တာဝန်သစ်တွေကိုဖော်ပြထားရမှာတော့ ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများကိုပံ့ပိုးပေးခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များကို ပံ့ပိုးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကော်မတီများ၊ နိုင်ငံတကာ မိတ်ဆက်များနှင့် ညှိနှိုင်းမှုများ၊ ဖွံ့ဖြိုးရေးကော်မတီများ စသဖြင့် ဖော်ပြထားပါတယ်။ စစ်တပ်လောင်းရိပ်အောက်မှာ ဒါပေမဲ့ ၂၀၁၁ ကနေ ၂၀၁၆ နှစ်ဆန်းပိုင်းအထိ အုပ်ချုပ်ခဲ့တဲ့ အစိုးရဟာ စစ်အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တွေ အများစု ပါဝင်ခဲ့သလို၊ ထွေအုပ်ဌာနကလည်း စစ်တပ်လက်ကိုင် ပြည်ထဲရေး လက်အောက်မှာပဲ ဖြစ်လို့ အပြောင်းအလဲ မရှိဘူးလို့ ဆိုရပါမယ်။  ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဆင့်ဆင့်ကို ဖွဲ့စည်းလိုက်တဲ့အခါမှာတော့ နအဖရဲ့ အမွေ ဖြစ်တဲ့ ထွေအုပ်ဌာနဟာလည်း အခြေအနေသစ်နဲ့ သဟဇာတ ဖြစ်ဖို့ လိုအပ်လာပါတော့တယ်။ အရပ်သားအစိုးရတက်ခါစ အစောပိုင်း ကာလတွေမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ထွေအုပ်ဌာန ဝန်ထမ်းတွေနဲ့ ရွေးကောက်ခံ ပြည်နယ်နဲ့ တိုင်း အစိုးရ အရာရှိတွေကြားမှာ အဆင်မပြေမှုတချို့ ရှိတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုနဲ့  ၂၀၁၈ ခုနှစ် ကုန်ခါနီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စစ်တပ်လက်အောက်ကနေ အရပ်ဘက်အစိုးရအောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံစဉ် ပြောကြားတဲ့ မိန်းခွန်းမှာ ထွေအုပ်ကို ဂုဏ်သိက္ခာရှိပြီး၊ ပြည်သူကိုမျက်နှာမူတဲ့ ဝန်ထမ်းအဖွဲ့အစည်းဖြစ်ဖို့ သတိပေးချက်တွေ ပါဝင်နေပါတယ်။   ဒေါ်အောင်ဆန်စုကြည်က “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးသည့် ဌာနတစ်ခု ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လူတိုင်းသိသော်လည်း ကောင်းသောသိခြင်းဖြစ်ဖို့ လိုအပ်ပါကြောင်း၊ မည်သည့်အဖွဲ့အစည်းမှလာလာ ရောက်ရှိရာ နေရာဒေသတွင်း တာဝန်ကျေအောင် ထမ်းဆောင်ရန် အဓိကဖြစ်ပါကြောင်း၊ တာဝန်ကိုနားလည်ရန် ပြည်သူကိုသစ္စာရှိရန်” ပြောကြားခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ နှစ်ပေါင်းများစွာ တပ်မတော်ရဲ့ အမိန့်ပေး စနစ်အောက်မှာ လည်ပတ်ခဲ့တဲ့ ထွေအုပ် ဌာနဟာ အရပ်ဘက်ကို ပြောင်းရွှေလိုက်တယ်ဆိုပေမယ့် ဖွဲ့စည်းပုံ အဆင့်ဆင့်မှာတော့ တပ်မတော် အငြိမ်းစားတွေ လွှမ်းမိုးနေဆဲလို့ ဆိုရပါမယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ ထိပ်ပိုင်းကနေ အလယ်အလတ်ဝန်ထမ်းတွေအထိ တပ်မတော် အငြိမ်းစားအရာရှိတွေဖြစ်ပြီး ထွေအုပ်ဌာနမှာလည်း စစ်မှုထမ်းဟောင်း ဝန်ထမ်း ၃၀ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ Frontier မှာ လာ့ခင် မက်ဒေါ်နယ် ရေးတဲ့ ဆောင်းပါး (ဇွန် ၂၀၂၀) မှာ ဖော်ပြပါတယ်။ ပြုပြင်ပြောင်းလဲရေး ၂၀၁၈ ဒီဇင်ဘာ ၂၈ မှာ ထွေအုပ်ဌာနဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ပြီးတဲ့နောက်ပိုင်းမှာ  ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အားကောင်းစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နေတဲ့အကြောင်း ဒုတိယအမြဲတမ်း အတွင်းဝန် ဦးထက်အောင်က ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ISP Myanmar ရဲ့ အစီအစဉ် ယောမင်းကြီး ဇရပ် စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။ “ပြုပြင်ပြောင်းလဲရေးအစ၊ ထွေအုပ်က” ဆိုတဲ့ ဆောင်ပုဒ်ကို ချမှတ်ထားပြီး ထွေအုပ် ဝန်ထမ်းတွေ အားလုံးဟာ ပြုပြင်ပြောင်းလဲရေးမှာပါဝင်ဖို့၊ ပြည်သူကို ဗဟိုပြုပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ “အရေးကြီးဆုံးကတော့ ကျနော်တို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း အမြဲတမ်းပြောတယ်။ ကိုယ်ချင်းစာစိတ်ပဲ...” လို့ ဦးထက်အောင်က ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) နဲ့ အညီ ဆောင်ရွက်ရာမှာ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေ နည်းဥပဒေကို ပြုပြင် ပြောင်းလဲရေး၊ ဝန်ထမ်းတွေကို စွမ်းဆောင်ရည်မြှင့်တင်ရေးကိုလည်း တပြိုင်တည်း ဆောင်ရွက်နေသလို၊ ပြည်သူကို ဝန်ဆောင်မှု ပေးတဲ့အပိုင်းမှာလည်း ဗဟိုချုပ်ကိုင်မှုလျော့ချပြီး၊ အောက်ခြေအဆင့်အထိ ပြည်သူတွေ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဖော်ထုတ်ပြီး၊ ပြည်သူ့အသံကို များများနားထောင်ပြီးမှ စီမံကိန်းတွေကို ရေးဆွဲဆောင်ရွက်နေတယ်လို့ ဦးထက်အောင်က ဆိုပါတယ်။ ထွေအုပ်၊ ကိုဗစ် ၁၉ နဲ့ ရွေးကောက်ပွဲ လက်ရှိ ကြုံနေရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာလည်း ဒေသန္တရ အမိန့်နဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်တာ၊ အာဏာတည်အောင် ကြီးကြပ်ရာမှာ ထွေအုပ်ဌာနဟာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီလိုပဲ ကိုဗစ် ကာလ တစ်နိုင်ငံလုံးရှိ ဆင်းရဲသား ပြည်သူတွေအတွက် ရိက္ခာနဲ့ ငွေကြေး ထောက်ပံ့ခြင်း စ၊ လယ်၊ ဆုံး လုပ်ငန်းတွေမှာ ထွေအုပ် ယန္တရား အဆင့်ဆင့်ကို အသုံးပြုရပါတယ်။ မကြာခင် ကျင်းပတဲ့ ရွေးကောက်ပွဲ အဆင့်ဆင့်လုပ်ငန်းစဉ်မှာလည်း မဲစာရင်း ပြုစုတာကနေ၊ မဲစာရင်း ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း စတဲ့ လုပ်ငန်းတွေမှာလည်း ထွေအုပ် ယန္တရားကိုပဲ မဖြစ်မနေ အသုံးပြုနေရပါတယ်။  ဒါကြောင့် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်က “COVID-19 ကာလအတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဆောင်ရွက်ချက်များအတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန် တာဝန် ထမ်းဆောင်ပေးစေလိုပါကြောင်း ...”စသဖြင့် အသိအမှတ်ပြု ပြောကြားခဲ့တာ တွေ့ရပါတယ်။ တချိန်တည်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတားသဖွယ် ဖြစ်တဲ့ ထွေအုပ်ဌာန ဝန်ထမ်းများအနေနဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်ကို ပြုပြင်ပြောင်းလဲဖို့၊ အဂတိလေးပါး ကင်းရှင်းဖို့လိုအပ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။  နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024