A d v e r t i s e m e n t With Us

၃ ရက်အတွင်း ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြသူများ တောင်းဆိုထား 

ထိုင်းနိုင်ငံမှာ အခြေခံဥပဒေပြင်ဆင်‌ရေး၊ လွှတ်တော်ဖျက်သိမ်းရေး၊ အမြင်မတူတဲ့ အပေါ် နှိပ်ကွပ်မှုတွေ ရပ်တံ့ရေးအတွက်  ဆန္ဒပြတောင်းဆိုမှုတွေ လုပ်နေတာ ၂ လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားအနေနဲ့  ၃ ရက်အတွင်း ရာထူးကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက ရက်ကန့်သတ်တောင်းဆိုလိုက်ပါတယ်။  ၂၀၂၀ ပြည်သူလူထုအဖွဲ့လို့ ခေါ်တဲ့ ဆန္ဒပြသူတွေဟာ ခါတိုင်းဆိုရင် တစ်နေရာတည်းမှာ စုဝေးပြီး လက် ၃ ချောင်းထောင် ဆန္ဒပြခဲ့ပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းကတော့ ဘန်ကောက်မြို့လည် Victory Monument အထိမ်းအမှတ်ကျောက်တိုင်ကနေ အစိုးရအိမ်တော်ထိ အချိန် ၃ နာရီကြာ တန်းစီလှည့်လည်လာခဲ့ပါတယ်။  လမ်းမှာ လာရောက်တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူ ဘက်က ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးတော့ ဒုဗိုလ်ချုပ်ကြီး ဖတ်ခဖုန်း ဖုန်းစ်ဖစ်ရာ နဲ့ အစိုးရအိမ်တော် ဒုအတွင်းရေးမှူး နိုင်းပရထစ်ပ်ကစ်သီ တို့က ဆန္ဒပြသူတွေကို လာရောက်တွေ့ ဆုံညှိနှိုင်းခဲ့ရာမှာ ဆန္ဒပြသူတွေဘက်က ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားအနေနဲ့ ၃ ရက်အတွင်း  ရာထူးကနေ နုတ်ထွက်ကြောင်း လက်မှတ်ထိုးပြီး ထွက်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပြီး ပြည်သူတွေအပေါ်နှိပ်ကွပ်မှုရပ်တံ့ဖို့ စတဲ့ အချက်တွေပါ တဲ့ တောင်းဆိုစာကို ပေးအပ်ခဲ့ပါတယ်။  သူတို့ဟာ ၃ ရက်ပြည့်ရင် အစိုးရအိမ်တော်ဆီ နောက်တစ်ခေါက်ပြန်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။  ၂၀၂၀ ပြည်သူလူထုအဖွဲ့ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ဆန္ဒပြမှုမရှိပေမယ့်လည်း ဘန်ကောက်နဲ့ကပ်လျက်  နွန်ထပူရီခရိုင်မှာတော့ အထက်တန်းကျောင်းသူကျောင်းသား အများစု ပါဝင်တဲ့ လူအုပ်ကြီးက ဝန်ကြီးချုပ်အနေနဲ့ ၃ ရက်အတွင်း  လက်မှတ်ထိုးပြီးနုတ်ထွက်ပေးဖို့ ဆိုတဲ့အဆိုကို ထပ်ဆင့်ထောက်ခံ ဆန္ဒပြခဲ့ပါတယ်။  ၃ ရက်ပြည့်လို့မှ ဝန်ကြီးချုပ်နုတ်မထွက်ဘူးဆိုရင် စင်ထရယ်ကုန်တိုက်ရှေ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြမှုအရှိန်မြှင့်မယ်လို့ ဆိုပါတယ်။  အလားတူ ထမဆတ်တက္ကသိုလ်ကျောင်းသားများ မဟာမိတ်အဖွဲ့ကလည်း ၃ ရက်အတွင်း ဝန်ကြီးချုပ်နုတ်ထွက်ရေးအဆိုကို ထောက်ခံပြီး ၃ ရက်ပြည့်လို့မှ နုတ်မထွက်ရင် ဆန္ဒပြမှု အရှိန်မြှင့်မယ်လို့ ပြောပါတယ်။  ၃ ရက်အတွင်း နုတ်ထွက်ပေးဖို့ တောင်းဆိုခံရပြီး နောက်တစ်နေ့မှာ ဝန်ကြီးချုပ်က ပြဿနာတွေပြေလည်ဖို့  နှစ်ဘက်လုံး တစ်လှမ်းစီနောက်ဆုတ်ကာ တွေ့ဆုံညှိနှိုင်းခြင်းနဲ့ အဖြေရှာမယ်လို့  ပြည်သူထံ အမှာစကားပြောကြားခဲ့ပါတယ်။  အဲဒီနောက် လာမယ့်အပတ်ထဲမှာ လွှတ်တော်အရေး ပေါ်အစည်းအဝေးလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up