Home
ဆောင်းပါး
ပြည်သူ့စာဆို ဗန်းမော်တင်အောင် ဂုဏ်ပြု ကဗျာများ
မောင်တူး
·
October 23, 2020
“မေ့ပါနိုင်ပြီ အိုကြယ်နီ” ကာလရှည်လျား၊ နှစ်များစွာတိုင် မေ့ပါနိုင်သူ၊ မြန်ပြည်လူတို့ ညီတူချစ်ခင်၊ ကမ္ပည်းတင်သည် တို့ပြည်အပေါ် ၊ ဗန်းမော်တင်အောင် ရုန်းကန်ဆောင်ရွက်၊ အသက်ဘဝ စွန့်လွတ်မျှသူ၊ အာဂလူသား ခွဲခွာသွားခဲ့၊ လေးဆယ့်နှစ်နှစ်ပြည့်ပါပြီ။ ။ မောင်တူး လူတယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းရမှာပဲ။ ဗန်းမော်တင်အောင် (၀၉၀၆၁၉၂၀ - ၂၃၁၀၁၉၇၈) ဒီစကားက ဆရာကြီး ဗန်းမော်တင်အောင် မကွယ်လွန်ခင် သားဖြစ်သူကို ပြောခဲ့တဲ့စကားပါ။ လွန်ခဲ့သော ၄၂ နှစ်က စကား။ မှာကြားချက်။ ဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ရန်ကုန် ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ အခုဆိုရင် ကွယ်လွန်ခဲ့တာ ၄၂ နှစ် ရှိပါပြီ။ သူ့လိုပဲ ကွယ်လွန်သူ နိုင်ငံကျော် ကဗျာဆရာကြီး (ဦး) တင်မိုးဟာ လေးစားသူတွေကို ကဗျာတွေရေးပြီး ဂုဏ်ပြု လေ့ရှိပါတယ်။ ဆရာတင်မိုးဟာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ပြည့်နှစ် ခရမ်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း အင်းစိန်ထောင်မှာ ကျဆုံးတုန်းက “လွမ်းလေသမျှ ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား” ဆိုပြီး ကဗျာရေးခဲ့တယ်။ သူရဲ့ ဟီးရိုး ဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တာကို လည်း “ကြယ်နီရောင်” ကဗျာနဲ့ ဂုဏ်ပြုပါတယ်။ ကြယ်နီရောင် အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့ စာပေခေါင်းဆောင် စာရေးဆရာ ဗန်းမော်တင်အောင် လင်းယုန်ရဲ့ အတောင်ပံရိုက်ချိုးဖို့ ကိုးကိုးကျွန်းနဲ့ အကျဉ်းထောင် ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း မုန်တိုင်းတွေကြားတဲမှာ ရဲရင့်စွာ ခေါင်းဆောင် အဲဒါ ဗန်းမော်တင်အောင်။ မတရားမှုကို တိုက်ပွဲဝင် ဖြူစင်တဲ့ အကျင့်စာရိတ္တ အခွင့်ထူးမမက်တဲ့ သီလ ခေါင်းမငုံံ့ တတ်တဲ့ မာနနဲ့ စိတ်ဓါတ်မကျဘဲ ရှေ့ကဦးဆောင် အဲဒါ ဗန်းမော်တင်အောင် အမိုက်မှောင်ဆုံးကာလတွေမှာ ထွန်းပလာခဲ့တဲ့ စာပေကြယ်နီရောင် ပြည်သူတို့ရဲ့ ဗန်းမော်တင်အောင်။ ။ တင်မိုး ၂.၁၀.၉၈ ဗန်းမော်တင်အောင်ကွယ်လွန် နှစ် ၂၀ ကဗျာ ရွေမော်ကွန်းမဂ္ဂဇင်း ၉၈-နိုဝင်ဘာ အတွဲ၁၇ ဆရာကြီးဗန်းမော်တင်အောင်ဟာ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူ ဖြစ်တယ်။ ဝတ္ထုနဲ့ လုံးခြင်း စာအုပ် ၁၀၀ နီးနီး ရေးသားခဲ့သူပါ။ လူထု နိုင်ငံရေးခေါင်းဆောင်၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ သမိုင်း ပညာရှင် စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကြွယ်ဝခဲ့သူတဦးပေါ့။ စာရေးဆရာတွေ ကလောင်အမည် ယူတဲ့အခါ မြို့ရွာတွေကိုစွဲပြီး အမည်ယူကြတာလည်းရှိပါရဲ့။ ပဲခူးဇာတိမောင်တင်ဦးဟာ ပညာသင်ယူကြီးပြင်းခဲ့တဲ့ ဗန်းမော်ကိုစွဲယူပြီး ဗန်းမော်တင်အောင် ဖြစ်လာတာပါ။ ဗန်းမော်တင်အောင်ကို ဖခင် တရားဟောဆရာ ချင်းလူမျိုး ဦးမောင်နေ ပဲခူးမြို့သူ ဒေါ်စောမြိုင်တို့က ၁၉၂၀ ဇွန် ၉ ရက်၊ စနေနေ့က ပဲခူးမှာမွေးခဲ့ပါတယ်။ ဖခင် ချင်း တရားဟော ဆရာရဲ့ တာဝန်ကျရာ ပဲခူး၊ တောင်ငူ၊ ဗန်းမော်မြို့တွေမှာ ပညာသင်ခဲ့ရသူ ဗန်းမော်တင်အောင်ဟာ ဆယ်တန်းကျောင်းသား ဘဝကတည်းက ဂျာနယ်၊ စာစောင်နဲ့ မဂ္ဂဇင်းတချို့မှာ ဝတ္တုတိုတွေ ရေးနေပါပြီ။ ဒီအချိန်ကတည်းက မာ့က်စ် လီနင်ဝါဒစာပေ အတွေးအမြင်တွေ ရှိနေပြီလို့ စာရေးဆရာကျော်သန်းမြင့် (ဗန်းမော်)က ရေးပါတယ်။ ဆရာ ဝင်းတင့်ထွန်းကလည်း သူလေးစားရတဲ့ ဗန်မော်တင်အောင်အတွက် “သမိုင်းသက်သေတည်ခဲ့ပြီ” ကဗျာကို ရေးစပ် ဂုဏ်ပြုခဲ့ပါတယ်။ “သမိုင်းသက်သေတည်ခဲ့ပြီ” ဗန်းမော်တင်အောင်ဆိုတာ ကလောင်သာ နီတာမဟုတ် ပုဂ္ဂိုလ်အရလည်း ထက်မြက် ပြည်သူ့ဘက်က ရှေ့ဆောင် ပြည်သူ့ အလင်းရောင်။ ……………………………… ဗမာစာပေ သမိုင်းမှာ ဆရာကြီးမှိုင်းရဲ့လမ်းကြောင်းပေါ် ခေါင်းမော်ပြီး ချီတက် ပြည်သူအတွက် ဦးထိပ်ပန် နိုင်ငံရေး စံသာမက အနုပညာစံအရပါ တံခွန်ထူ စာပေဩဇာကြီးသူတဦးဖြစ်ခဲ့တာ ဆရာဗန်းမော်တင်အောင်ပါပဲ။ ……………………………. ဗန်းမော်တင်အောင်ကို ထောင်ထဲသွင်း အကျဉ်းချ တကျွန်းပို့ ချေမှုန်းဖို့ကြိုးစား မတရားပြုခဲ့ကြသူတွေသာ (ခုတော့) ထာဝရသေဆုံး ပျက်သုဉ်းသွားရရင်း အမှိုက်သရိုက်ခြင်းထဲ ရောက်သွားရ ဗန်းမော်တင်အောင်ကတော့ ခပ်ပြုံးပြုံး အသက်ဆုံးသွားခဲ့ပေမဲ့ ဆက်ရှင်သန် နာမည်တွင် ကျန်ခဲ့ယုံမျှသာမက စံထားရမယ့် သူ့လက်ရာ အနုပညာတွေပါ ဆက်ပြီးကျန် အမှန်တရားဖက်က ရပ်တည်ရင်း အချိန်ကာလမျဉ်းတွေကို လွန်မြောက် ရှင်သန်ထမြောက်မှုတွေနဲ့ ဆက်ပြီးရှင် ဂုဏ်ရောင်တလွင်လွင်နဲ့ တောက်ပဆဲ နှလုံးသားထဲက ဒီကြယ်နီ ကမ္ဘာတည်သရွေ့ တည်ပါစေ။ ။ ဝင်းတင့်ထွန်း (၁၈၊ ၁၀၊ ၂၀၀၇) မိုးလုံးမှိုင်းစာပေထုတ် “မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် ဗန်မော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်” စာအုပ်မှ ဗန်းမော်တင်အောင်ဟာ ရဲဘော်သုံးကျိပ် ပြန်မဝင်ခင်ကပဲ ဖက်ဆစ်ကို တိုက်ရမယ်ဆိုတဲ့ အမြင်ရှိထားသူမို့ အင်္ဂလိပ် ဗိုလ်သင်တန်း တက်ရောက်ခဲ့ပါတယ်။ (ရိုးမတိုက်ပွဲ) နဲ့ (လွမ်းရစ်တော့သက်လှယ်ရယ်) လုံးချင်း ဝတ္တုတွေဟာ သူ့ရဲ့ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံတွေ ဖြစ်တယ်။ (ဘုန်းမောင့်တယောက်ထဲရယ်) ပထမဆုံးလုံးချင်းဝတ္ထုကို ပထဆုံး ဗန်းမော်တင်အောင် နာမည်သုံးပြီး ၁၉၄၇ ခုနှစ်က ရေးသားတယ်။ ၁၉၅၀ မှာ လင်းယုန်ဂျာနယ်ထုတ်ပြီး နောက် လင်းယုန်သတင်းစာ ထုတ်တယ်။ လင်းယုန်သတင်းစာကြောင့် နရသိန် အကျဉ်းသား ဖြစ်ခဲ့တယ်။ ဝတ္ထုလည်း အရေးမရပ် (သူပုန်ကြီး)၊ (အမေ)၊ (ပြည်တော်သာခင်ခင်ကြီး) လူထုတိုက်ပွဲအခြေခံ ဝတ္ထုကြီးတွေကြောင့် ၁၉၅၂ ခုနှစ် အဖမ်းခံရတယ်။ ကျွန်းအပို့ခံခဲ့ရလို့ ကိုကိုးကျွန်း ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ဝင်ခဲ့သူလည်းဖြစ်တယ်။ “ထည်ဝါလင်းယုံ” ………………….. ….... သူဟာ ရိုးမလို ကြံ့ခိုင် တောင်ပေါ်တောမီးလို ထိန်ညီး တည်ငြိမ်စီးဆင်း မြစ်တစင်းဖြစ်တယ် ဟုတ်တယ် သူသေပေမယ့် သူမသေဘူး ဟုတ်ပ သူဆိုတာ “ဗန်းမော်တင်အောင်” ဆိုတဲ့ တိုက်ပွဲကြားမှာ ထည်ဝါတဲ့ လင်ယုန်ကြီးပေါ့။ ။ အောင်ငြိမ်း (၅၊ ၁၁၊ ၂၀၁၇) မိုးလုံးမှိုင်းစာပေထုတ် “မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်” စာအုပ်မှ ဒီနှစ်က ဗန်းမော်တင်အောင် (၁၉၂၀ - ၁၉၇၈) ရဲ့ နှစ် ၁၀၀ ပြည့်ပါ။ သူ့ရဲ့ အသက်ရာပြည့်တိုင် သူ့ကို သတိရ နေကြဆဲပါ။ သူကွယ်လွန်ခဲ့ချိန် ၁၉၇၈ ခုနှစ် ဈာပနမှာ သူ့ကိုကြည်ညိုတဲ့ ပရိသတ်များပြားပုံကို မောင်လှဝင်း (မြင်းခြံ)က အခုလို ရေးခဲ့တယ်။ ဗန်းမော်တင်အောင် ဈာပန စည်ကားစွ ပြည်သူတွေ စာပေချစ်သူတွေ၊ အမှန်တရားချစ်သူတွေ တော်လှန်ရေးချစ်သူတွေ၊ အနီရောင်ချစ်သူတွေ။ ။ မောင်လှဝင်း (မြင်းခြံ) သူ့အတွက် ကဗျာရေးသူ နောက်တဦးက ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းပါ။ သူတို့ဟာ ကိုကိုးကျွန်းမှာ အတူနေခဲ့ကြသလို လွန်ခဲ့တဲ့ ၄၂ နှစ် ကြံတောသုဿာန်က ဗန်းမော်တင်အောင် ဈာပန စည်ကားပုံကို “ကျနော် တွေ့ကြုံခဲ့ဖူးတဲ့ ဦးလေးဗန်းမော်တင်အောင်” ကဗျာမှာ အခုလို ရေးခဲ့တယ်။ “ကျနော် တွေ့ကြုံခဲ့ဖူးတဲ့ ဦးလေးဗန်းမော်တင်အောင်” . . . . . . . . . . . ကြံတောသုသာန်မှာ ရှမ်း၊ ဗမာ၊ ကချင်၊ ကရင် ကုလား၊ တရုတ်၊ လူမျိုးစုံစွာ သံဃာတော်များလည်း ရောက်လာ ခရစ်ယာန် သီလရင်လည်း ပါ သုဘရာဇာလည်း ပါ ထုတ်ဝေသူလည်း ပါ ဘိုးတော်တောင် ပါရဲ့ တိုက်ဖော်တိုက်ဖက်၊ ရေးဖော်ရေးဖက် လေးစားသူ၊ ကြည်ညိုသူ သူ့တန်ဖိုးသိသူတွေ ဓမ္မတေး တစာစာ၊ ကြေးစည်သံလေး တသာသာ နှင်းဆီနီတွေက ဝေဝေဆာဆာ တဲ့ အသေလှတဲ့၊ ကျွန်တော့ဦးလေး စောပေမဲ့ ဖြေနှိုင်ပါရဲ့ ဪ ငါ့အလှည့်ကျလည်း သူ့လိုပဲ သေချင်လိုက်တာ။ ။ ဖိုးသံ (လူထု) မိုးလုံးမှိုင်းစာပေထုတ် “မြင့်မြင့်ပျံပြီး ဝေးဝေးမြင်တဲ့ လင်းယုန် ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်” စာအုပ်မှ ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စာအုပ်တွေကို ဖတ်ပြီး အားကျ အတုယူ အများအကျိုး ဆောင်ရွက်နိုင်ခဲ့ ကြသူတွေလည်း အများကြီး ရှိခဲ့တဲ့အထိ သူ့စာပေဩဇာကြီးခဲ့ပါတယ်။ “ဘုန်းမောင့်တစ်ယောက်ထဲရယ်” ဝတ္ထုထဲက ဇာတ်လိုက် ဘုန်းနိုင်ကို အားကျပြီး သူဟာ စာရေးဆရာ “တက္ကသိုလ်ဘုန်း နိုင်” ဖြစ်လာခဲ့တာလို့ သူ့အပေါ် ဗန်းမော်တင်အောင်ရဲ့ စာပေ ဩဇာ၊ အရှိန် လွှမ်းမိုးခဲ့ကြောင်း စာရေးဆရာ တက္ကသိုလ်ဖုန်းနိုင်က ပြောခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့ “ရိုးမတိုက်ပွဲ” “လွမ်းရစ်တော့ သက်လှယ်ရယ်” စတဲ့စာအုပ်တွေဖတ်ပြီး တော်လှန်သတ္တိတွေပေါ်ခဲ့တာပါ။ ဒီမှာပဲ အဆုံးသတ်ပါမယ်။ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၃ ဟာ ဗန်းမော်တင်အောင် ကွယ်လွန်ခဲ့တဲ့ ၄၂ နှစ်ပြည့်နေ့ပါ။ သူကွယ်လွန်ပြီး ၄၂ နှစ်မှာတော့ ကဗျာဆရာ “အောင်သွေး” ရဲ့ “လူတယောက်ရဲ့တန်ဖိုး” ကဗျာကလေးထဲကလို ဆရာ ဗန်းမော်တင်အောင် ပြောတဲ့ လူတယောက်ရဲ့ “တန်ဖိုး” ကျွန်တော်တို့ရဲ့ “တန်ဖိုး” ကို တအားမြှင့်လိုက်ကြရအောင်လား။ ။ (အောင်သွေး) ပြည်သူ့စာဆိုကြီး ဗန်မော်တင်အောင် ကွန်လွန်ပြီး ၄၂ နှစ်မြောက်နေ့ရက်တွေမှာ ကျနော်တို့ လူတယောက် စီရဲ့ တန်ဖိုးတွေကို၊ ကိုယ်စီ ကိုယ်စီ တအားကုန် မြှင့်တင်ပြီး မြန်မာပြည်ကြီး တိုးတက်အောင် စွမ်းဆောင် လိုက်ကြရအောင်လားဗျာ။ ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024